Ads

ကြော်ငြာ

Friday, June 21, 2013

Posted by ဆူးအေမီ on 1:15 AM in | No comments



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့သည် ဇွန် ၁၉ ရက်မှ ၂ဝ ရက်အထိ လွိုင်ကော်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ဇွန် ၂၀ ရက်နေ့တွင် အချက် (၈) ချက်ပါ သဘောတူညီချက် တစ်ရပ်အား နှစ်ဖက် လက်မှတ် ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး (Nationwide Ceasefire Accord) ဆက်လက် ဆောင်ရွက်နိုင်ရန်နှင့် အားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးသို့ ရောက်ရှိရေး ဆက်လက် ဆောင်ရွက်သွားမည်။ (ခ) တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို နှစ်ဖက် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများသည် အပြုသဘော ပိုမိုဆောင်၍ တိုးတက်မှုများ ရှိခဲ့ပါသည်။ နောင်အစည်းအဝေးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆက်လက် ဆွေးနွေးရန် သဘောတူသည်။ (ဂ) ပူးတွဲ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ (Joint Monitoring Committee) ကို အောက်ပါအတိုင်း ဖွဲ့စည်းရန် သဘောတူသည်- (၁) ကယားပြည်နယ် အစိုးရမှ တာဝန်ပေးအပ်သူ နှစ်ဦး၊ (KNPP) မှ တာဝန်ပေးအပ်သူ နှစ်ဦး၊ သမာသမတ်ကျသော ရပ်မိရပ်ဖ ခြောက်ဦး စုစုပေါင်း ၁ဝ ဦးဖြင့် ဖွဲ့စည်းရန်။ (၂) လူမှုအခြေပြု အဖွဲ့အစည်း (CSO) များ၊ တစ်သီးပုဂ္ဂလများ၊ ပြည်တွင်း NGOs များနှင့် အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန် (TOR) ကို နှစ်ဖက်မှ တာဝန်ရှိသူများက ညှိနှိုင်းရေးဆွဲ အတည်ပြုရန်။ (၃) စောင့်ကြည့် လေ့လာသည့် သတင်းပေးပို့သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို နှစ်ဖက်လုံးက ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့ အရေးယူ အပြစ်ပေးခြင်းများ မပြုလုပ်ရန်။ (ဃ) ကယားပြည်နယ် အတွင်း ရွာသစ်စီမံကိန်း အပါအဝင် ထပ်မံ အကောင်အထည်ဖော်မည့် အကြီးစား စီမံကိန်းများကို အများပြည်သူလူထု၊ လူမှု အသင်းအဖွဲ့များအား လေ့လာခွင့် ပြုရန်၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှိရမည့်အပြင် ဒေသခံ ပြည်သူလူထု နစ်နာမှု မရှိစေရေး အစိုးရနှင့် တာဝန်ရှိသူတို့မှ အာမခံ ဆောင်ရွက်ပေးရန်။ (င) ကယားပြည်နယ် အတွင်းရှိ (IDP) များ ပြန်လည် နေရာချထားမည့် နေရာတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးကိစ္စကို နှစ်ဖက် အဖွဲ့အစည်းများက ညှိနှိုင်း ဆောင်ရွက်ရန်။ (စ) ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ (IDP) ပြန်လည် နေရာချထားရေးအတွက် ရှားတောမြို့နယ် ဒေါတခဲဒေသတွင် စံပြစီမံကိန်း (Pilot Project) နမူနာ တစ်ခုကို နှစ်ဖက် အဖွဲ့အစည်းက ညှိနှိုင်း ဆောင်ရွက်ရန်။ (ဆ) မူဝါဒ သဘောတူညီချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်ဖက် အဖွဲ့အစည်းမှ အလုပ်အဖွဲ့ (Technical Team) များ ဖွဲ့စည်းဆောင်ရွက်ရန်။ (ဇ) ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစိုးရနှင့် (KNPP) ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

From...ခေတ်လူငယ်

0 comments:

Search Our Site