ဒီမိုကရေစီ မိတ်ဆွေပါတီများ၏ နောင်ပြုလုပ်မည့် အစည်းအဝေးများသို့
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) မှ တက်ရောက်တော့မည်
မဟုတ်ဟု ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဇွန် ၂၂ ရက်က The Daily
Eleven သတင်းစာသို့ ပြောကြားသည်။အစည်းအဝေး မတက်ရသည့်
အကြောင်းရင်းမှာပါတီများအတွင်း သေချာဆွေးနွေးမှု မရှိဘဲ အစည်းအဝေးတက်သည့်
လက်မှတ်များဖြင့် အချိုးကျ ကိုယ်စားပြုစနစ် (PR System)ကို ရွေးကောက်ပွဲ
ကော်မရှင်၊ သမ္မတ ဦးသိန်းစိန်တို့ထံ တင်ပြခဲ့သောကြောင့်ဖြစ်ကြောင်း
ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။"အစည်းအဝေး တက်တိုင်းလည်း သဘောတူတယ်လို့
မဟုတ်ဘူးလေ။ ကျွန်တော်တောင် မသိလိုက်ဘူး။ နောက်သမ္မတကြီးနဲ့ လယ်တောအိမ်မှာ
တွေ့တုန်းက တင်လိုက်တော့မှ ကျွန်တော်တောင် အံ့သြသွားတယ်။ တကယ်တော့
ကိစ္စတစ်ခုကို ၁၀ ပါတီ နာမည်သုံးတော့မယ်ဆိုရင် ကျစ်ကျစ်လျစ်လျစ်
ဆွေးနွေးရမယ်လေ။ ဆွေးနွေးပြီး သဘောတူပြီဆိုမှ တင်ရမှာကိုး" ဟု
ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ် ပါတီသည် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း
အဖွဲ့ဝင် ပါတီတစ်ခုဖြစ်ပြီး အဆိုပါ PR စနစ်ကို လက်မခံကြောင်း
တောင်ကြီးမြို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးအပြီး ဇွန် ၁၂ ရက်တွင် တရားဝင်
ကြေညာချက် ထုတ်ပြန်ခဲ့သည်။သို့သော် ဇွန် ၁၅ ရက်ထုတ် အစိုးရ သတင်းစာများ၏
ဖော်ပြချက်တွင်မူ ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ အဖွဲ့တို့က ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်တွင် လက်ရှိကျင့်သုံးနေသော မဲအများဆုံး ရသူကို
အနိုင်ပေးသည့် ရွေးကောက်ပွဲ စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်ကို
ပြောင်းလဲကျင့်သုံးသင့်ကြောင်း အကြံပြုချက်နှင့်အတူ ရွေးကောက်ပွဲစနစ်
ပြောင်းလဲရေးနှင့် ပတ်သက်သော စာတမ်းတစ်စောင်ကို ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်သို့ တင်ပြခဲ့ကြောင်း ဖော်ပြခဲ့သည်။သတင်းထုတ်ပြန်ချက်တွင်
ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးစေလိုသည့် ပါတီများ စာရင်းကိုလည်း
ဖော်ပြထားရာ ဒီမိုကရေစီ မိတ်ဆွေပါတီများမှ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီမှအပ အခြားပါတီ ကိုးပါတီ အမည်စာရင်း ပါဝင်ခဲ့သည်။ယင်းနှင့်
ပတ်သက်၍ အဆိုပါ ဖော်ပြခံရသည့် ပါတီများတွင် ပါဝင်သည့် တိုင်းရင်းသား
ပါတီအချို့က PR စနစ်ကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်သွင်းခဲ့သည်မှာ
၎င်းတို့၏ သဘောဆန္ဒမဟုတ်ဘဲ အစည်းအဝေး တက်ရောက်ကြောင်း လက်မှတ်ထိုးခဲ့ခြင်း
ဖြစ်ကြောင်း တုံ့ပြန်ပြောဆိုမှုများ ရှိခဲ့ပြီး ယခုအခါ ကျားဖြူပါတီမှ
နောင်ပြုလုပ်မည့် အစည်းအဝေးများကို တက်ရောက်တော့မည် မဟုတ်ဟု
ပြောဆိုခဲ့ခြင်းဖြစ်သည်။အစည်းအဝေးများသို့
တက်ရောက်တော့မည်မဟုတ်သော်လည်း အများနှင့်ဆိုင်သော ကိစ္စများ၊ အခြား ၁၀
ပါတီနှင့် သက်ဆိုင်သော တွေ့ဆုံမှုများကိုမူ ဆက်လက်လုပ်ဆောင်
သွားဖွယ်ရှိသည်ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။အချိုးကျ
ကိုယ်စားပြုစနစ်ကို လာမည့်ရွေးကောက်ပွဲများတွင် ကျင့်သုံးသင့်ကြောင်း
သတင်းများ ထွက်ပေါ်လာခြင်းမှာ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင်
ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်များကမူ အဆိုပါစနစ်ကို
လက်မခံကြောင်း ကန့်ကွက်ထားသည်။
Eleven Media Group
Eleven Media Group
0 comments:
Post a Comment