Ads

ကြော်ငြာ

Monday, June 24, 2013

ယဉ်ကျေးဖွယ်ရာအောင် “ဇာတ်သိမ်းခန်း”လို့ ခေါင်းစဉ်တပ်လိုက်တာပါ။ ကျွန်တော့်ရဲ့ သားငယ်တို့ နားလည်ဖို့နဲ့ မီးငယ်တို့ အသိကြွယ်ဖို့ စာအုပ်တွေထဲမှာလည်း သည်ဝေါဟာရကိုပဲ ရေလဲ သုံးခဲ့ပါတယ်။

သိုးဆောင်းဘာသာစကားမှာတော့ orgasm [အောဂက်ဇင်း(မ်)]ရယ်လို့ ခေါ်ပါတယ်။ အဲဒါကို မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာတော့ “ကိုယ်လက်နှီးနှောရာတွင် စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံး ကာလ”ရယ်လို့ ဖွယ်ရာစွာ ဖွင့်ဆိုပေးထားပါတယ်။ မူရင်းအနက်အတိုင်းလည်း ဒက်ခနဲ လှမ်းမြင်နိုင်တဲ့ ဖွင့်ဆိုချက်ပါ။ သို့သော် တော်တော် ရှည်ရှည်လျားလျား ပြောမှ ဇာတ်ရည်လည်နိုင်တာမို့ ကျွန်တော်လည်း “ဇာတ်သိမ်းခန်း”ရယ်လို့ပဲ အလွယ် ပြောကြည့်လိုက်တာ ဖြစ်ပါတယ်။

အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ဖွင့်ဆိုထားတဲ့အတိုင်း ကိုယ်လက်နှီးနှောမှုရဲ့ စိတ်အလှုပ်ရှားဆုံး၊ အတက်ကြွဆုံး ကာလဖြစ်လေတဲ့အတွက် လူအတော်များများက သည်ဇာတ်သိမ်းခန်းကိုသာ အန္တိမ ရည်မှန်းချက်တစ်ရပ်အဖြစ် ကိုင်စွဲ ထားတတ်ကြပါတယ်။ သို့ပေမယ့် သည်အတွေ့အကြုံကို ရဖို့အတွက်ပဲ အလွန်အကျွံ အလေးထားလိုက်တဲ့အခါ တစ်ဖက်သားအပေါ် မစာနာ မထောက်ထားမိသလိုလည်း ဖြစ်ကုန်ရတတ်တာကို အိမ်ထောင်ရှင်တွေ သတိချပ်သင့်ပါတယ် ခင်ဗျာ။

သည်လိုပါ။ ဘယ်လမ်းက သွားသွား ကိုယ့်အတွက် ပန်းတိုင်ရောက်ရင် ပြီးတာပဲလို့ အောက်မေ့ပြီး ကိုယ့်ဇောနဲ့ကိုယ် ကိုယ့်ခြေလှမ်းအတိုင်း ဖိလျှောက်နေတဲ့အခါ ကိုယ်နဲ့အတူ သွားတဲ့ ခရီးဖော်က ကိုယ့်ခြေလှမ်းကို အမီလိုက်နိုင်ရဲ့လား၊ သူ မောနေသလား၊ ရေငတ်နေသလားဆိုတာတွေကို မငဲ့အားအောင် ဖြစ်ကုန်တဲ့ သဘောမျိုးပါပဲ။ အမှန်တော့ ချစ်လမ်းခရီးကို သွားကြတဲ့အခါမှာ နှစ်ယောက်အတူ အပေးအယူမျှမှာ သာယာ ကြည်နူးစရာ ကောင်းနေတတ်တာမျိုးပါ။
တစ်ယောက်က ခြေလှမ်း ကျဲကျဲ သွက်သွက်၊ နောက်တစ်ယောက်က ခြေလှမ်း မှန်မှန်၊ အေးအေးဆေးဆေးဆိုရင် နှစ်ယောက်စလုံးအတွက် စိတ် အနှောင့်အယှက်က မဆိုစလောက်လေးမှသည် အကြီးအကျယ်အထိ ဖြစ်သွားရတတ်ပါတယ်။

ရှေ့ပိုင်းမှာ ဆွေးနွေးတင်ပြခဲ့တဲ့အတိုင်း အိမ်ထောင်ရေးမှာ အဲလို အပေး  အယူ မမျှတာတွေ များလွန်းမက များလာတဲ့အခါ စိတ်ပျက်လက်ပျက် ဖြစ်လာရတတ်သလို အတော်ကြီးကို မွန်းကျပ်လာရနိုင်တာကို အိမ်ထောင်ရှင်တိုင်း သတိထားသင့်တယ်။ ခင်ပွန်းသည်က တစ်နေကုန် လူတကာကို ဆူပူမောင်းမဲနေတာ၊ ရန်လုပ်နေတာမျိုး၊ ဇနီးသည်ကလည်း ဆီလို အပေါက်ရှာပြီး တွေ့ကရာလူကို မဲနေတာမျိုးတွေဟာ သူတို့အိမ်ထောင်ရေးရဲ့ လူမမြင်ရတဲ့ ချစ်လမ်းခရီးထဲက စိတ်အိုက်တာတွေ၊ အလိုမကျတာတွေရဲ့ အကျိုးဆက်တွေ အများကြီး ဖြစ်နေနိုင်ပါတယ်။

သည်ဇာတ်သိမ်းပိုင်းနဲ့ ပတ်သက်ပြီး ခန္ဓာဗေဒပိုင်း သဘာဝကို ၁၉၆၆ ခုနှစ် မှာ မားစထား(စ်)နဲ့ ဂျော်(န်)ဆင်(န်)တို့က ဓာတ်ခွဲခန်းသုတေသနပြုပြီး လေ့လာ ဆန်းစစ်ခဲ့ကြပါတယ်။ ကျားနဲ့ မတို့ရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းမှာရော၊ ခန္ဓာကိုယ် ပြင်ပမှာပါ ဇာတ်သိမ်းခန်းကို ရောက်တဲ့အခါ တုံ့ပြန်ပုံများကို သူတို့တွေ စောင့် ကြည့်လေ့လာနိုင်ခဲ့ကြတယ်။

သည်အခါမှာ သည်ပညာရှင်နှစ်ဦး တွေ့ခဲ့ရတာကတော့ ဇာတ်သိမ်းခန်းကို ရောက်ရှိခြင်းဟာ ယောက်ျားတွေအတွက်ရော၊ မိန်းမတွေအတွက်ပါ လိင်စိတ် နိုးကြားမှုရဲ့ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ သူတို့က အဲဒီ့ လိင်စိတ် နိုးကြားမှု တစ်ရပ်လုံးကို “လိင်မှုရေးရာ တုံ့ပြန်မှု သံသရာ”လို့ အမည်ပေးခဲ့ကြတယ်။ (သူတို့ရဲ့ တွေ့ရှိချက်ကို ပုံပြမျဉ်းတွေနဲ့ ရှင်းလင်းကျနစွာ ဖော်ပြထားတာ ဖြစ်ပေမယ့် အခု ကျွန်တော် ပြန်လည် တင်ပြ ဆွေးနွေးရာမှာတော့ သိပ်ပညာရပ် ဆန်သွားမှာ စိုးတဲ့အတွက် ချန်လှပ်ထားခဲ့ပါတယ်။)

အရပ်စကားနဲ့ တင်ပြရရင်တော့ အဲဒီ့ သံသရာမှာ အဆင့် လေးဆင့် ပါရှိပါတယ်။ ပထမအဆင့်က “စိတ်လှုပ်ရှားမှုအဆင့်”ပါ။ ဒုတိယအဆင့်ကို “ကုန်းပြင်မြင့်”လို့ သိုးဆောင်း ဘာသာစကားနဲ့ ရေးထားပါတယ်။ ဆိုလိုတာက အမြင့်ကို ရောက်နေတယ်။ သို့ပေမယ့် အထက်လည်း ဆက်မတက်သေး၊ အောက်ကိုလည်း ပြန်မဆင်းသေးဘဲ တန့်နေ၊ တန်းနေတဲ့ အခိုက်အတန့်ပါပဲ။ တတိယဆင့်ကျတော့မှ “ဇာတ်သိမ်းခန်း” လာပါတယ်။ နောက်ဆုံးအဆင့်ကတော့ “အထာကျမှု”ပါပဲ။

လူတစ်ဦးချင်းစီဟာ တစ်ယောက် တစ်မျိုးစီမို့ သည်တုံ့ပြန်ချက် အဆင့်ဆင့်မှာ ပြင်းထန်ပုံချင်း၊ အချိန်ယူပုံချင်း ကွဲပြားပင် ကွဲပြားသော်ငြားလည်း သူတို့ သုနေသနပြုခဲ့ရာ လူပုဂ္ဂိုလ်များအကြားမှာ အတွေ့ရ အများဆုံး အဆင့်လေးဆင့်သာ ဖြစ်တာမို့ ဒါဟာ လူတိုင်းလောက်နီးနီးမှာ ဖြစ်တတ်တဲ့ သဘောသဘာဝပဲ ရယ်လို့ ယေဘုယျ ကောက်ချက်ချနိုင်ပါတယ်။

စကားချပ်အနေနဲ့ ပြောရရင် တစ်ချိန်က ဝိဇ္ဇာ ပညာရပ်တွေလို့ သတ်မှတ်ခဲ့ကြတဲ့ စိတ်ပညာအပါအဝင် ဘာသာရပ်အသီးသီးကို အခုအခါမှာ “သိပ္ပံပျော့” (Soft Science)လို့ ခေါ်ဆိုလာကြပါပြီ။ ဆေးပညာနဲ့ တခြား သိပ္ပံဘာသာရပ်တွေကိုတော့ “သိပ္ပံမာ” (Hard Science) ပါတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘာသာရပ် အမျိုးအစား နှစ်ခုစလုံးမှာ သိပ္ပံနည်းကျ စနစ်တကျ လေ့လာ ဆန်းစစ်မှုတွေ ပါဝင်နေလို့ပါပဲ။ သို့သော် သိပ္ပံမာကတော့ အဖြေကို အတိအကျပေးနိုင်တယ်၊ တရားသေ ပြောနိုင်တယ်။ အများ သိနေတဲ့ အလွယ်ဆုံး ဥပမာကို ပြရရင် ဟိုက်ဒြိုဂျင် နှစ်ဆနဲ့ အောက်ဆီဂျင် တစ်ဆ ပေါင်းလိုက်တဲ့အခါ ရေဖြစ်လာမယ် ဆိုတာမျိုးပါ။ ဘယ်တော့ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာဖြစ်ဖြစ်၊ ရေဟာ ဟိုက်ဒြိုဂျင်နဲ့ အောက်ဆီဂျင် အတွဲအစပ်ပဲ ဖြစ်တယ်လို့ ပုံသေ ပြောနိုင်တာဟာ သိပ္ပံမာရဲ့ သဘောပါ။

သိပ္ပံပျော့မှာကျတော့ အဲလို ရာနှုန်းပြည့် အခိုင်အမာ ပြောလို့မရဘူး။ ဖြစ်နိုင်ချေကိုသာ တွက်ချက် ပြောဆိုကြရတာ ဖြစ်ပါတယ်။ ဥပမာပြောရရင် လူတွေဟာ ကိုယ်ကျိုးကိုသာ ပဓာနထားတတ်တယ် ဆိုတာမျိုးပါ။ ကိုယ်ကျိုးကို ပဓာန မထားဘဲ အများအကျိုးကိုသာ အာရုံစိုက်တဲ့ သူတွေ မရှိဘူးလားဆိုတော့ ရှိ တယ်။ သို့သော် အဲလိုလူမျိုးက သိပ်ကို နည်းလှတဲ့ လူနည်းစု။ ကိုယ်ကျိုးကို ပဓာနထားတဲ့ လူက လူများစု။ သည်အခါမှာ ဥပမာပြခဲ့တဲ့ အဆိုကို ခိုင်မာတယ်လို့ ပြောလို့ရလာပါတယ်။ ဒါ သိပ္ပံပျော့ရဲ့ သဘာဝပါပဲ။

ဘာ့ကြောင့် သည်စကားချပ်ကို ထည့်ပြောရတာလဲဆိုရင်တော့ အခု ကျွန်တော် တင်ပြဆွေးနွေးနေတဲ့ အဆင့်လေးဆင့်ကိစ္စမှာလည်း“လူတိုင်းလောက် နီးနီး”လို့သာ ရေးခဲ့တဲ့အတွက် တချို့က ငါတော့ ခြွင်းချက်ထဲမှာ ပါလောက်တယ်လို့ တွေးမိသွားနိုင်လို့ပါပဲ။ အဲလိုတွေးတာ မှန်ချင်လည်း မှန်နိုင်ပါတယ်၊ မှားချင်လည်း မှားနိုင်ပါတယ်။ ဖြစ်နိုင်ချေနဲ့ ပြောရင်တော့ မှားဖို့ ပိုများပါတယ်။

လူတိုင်းလောက်နီးနီးလို့ ပြောတဲ့အတွက် တစ်ရာမှာ တစ်ယောက်၊ တစ်ထောင်မှာ တစ်ယောက်နှုန်းလောက်မှ ခြွင်းချက်ထဲမှာ အကြုံးဝင်နေနိုင်ပါတယ်။

ကိုင်း… တစ်ဆင့်ချင်းကို နည်းနည်းလေး အသေးစိတ်ကြည့်ကြရအောင် လားခင်ဗျာ။

ပထမဆုံးအဆင့်ဖြစ်တဲ့ စိတ်လှုပ်ရှားမှုမှာတော့ လိင်စိတ် အာရုံနိုးကြားမှု  ဖြစ်ပါတယ်။ အဲဒီ့နိုးကြားမှုဟာ စိတ်ကူးထွေလာနဲ့ဖြစ်စေ၊ အသားချင်း တွေ့ထိရာကဖြစ်စေ ပေါ်ပေါက်လာတတ်စမြဲပါပဲ။ အခြေအနေ အကြောင်းတရား အမျိုးမျိုး၊ ချစ်ရေးချစ်ရာအပေါ်မှာ ထားရှိတဲ့ တစ်ဦးချင်းစီရဲ့ ခံယူချက် အမျိုးမျိုးတို့အပေါ်မှာ လိုက်ပြီး သည်အဆင့်ဟာ ဖျတ်ခနဲ ပေါ်ပြီး ဘာမဟုတ်တဲ့ အချိန်တိုလေးအတွင်းမှာ ပြီးဆုံးသွားနိုင်သလို အချိန် အတန်ကြာအောင်လည်း ပေါ်ပေါက်နေနိုင်ပါတယ်။

ကုန်းပြင်မြင့်ကကျတော့ တကယ့်တောင်ထိပ်ကို ရောက်လုနီးအချိန်မှာ ပေါ်ပေါက်လာတဲ့ စိတ်အခြေအနေပါ။ အပြင်းထန်ဆုံး၊ အတက်ကြွဆုံး စိတ်လှုပ်ရှားမှုကို ရောက်လုနီးလို့လည်း ပြောနိုင်ပါတယ်။ တကယ်လို့သာ သည်အနေအထားမှာ လှုံ့ဆော်မှုက ဆက်လက် တည်ရှိနေမယ်ဆိုရင်တော့ ဇာတ်သိမ်းခန်းဆီအထိ ရောက်သွားနိုင်ပါပြီ။

ဇာတ်သိမ်းခန်းကိုတော့ အထူး ပြောစရာ မလိုပါဘူး။ အဲဒီ့ဇာတ်သိမ်းခန်းရဲ့ နောက်မှာ ကပ်လိုက်လာတာကတော့ အထာကျမှုပါပဲ။ သည်အဆင့်မှာတော့ လိင်စိတ် တင်းကြပ်မှုတွေကနေ တသိမ့်သိမ့် တငြိမ့်ငြိမ့် လျော့ပါးသွားပြီး နိုးကြားမှုများ လုံးဝ မရှိတော့တဲ့ ပုံမှန် အခြေအနေကို ပြန်လည်ရောက်ရှိသွားတာများ ပါဝင်ပါတယ်။
ထူးဆန်းတာ တစ်ခုက သည် အထာကျမှု ကာလအတောအတွင်းမှာ ယောက်ျားသားတွေမှာက “ဒုံးပေကတ်သတ်ကာလ” တစ်ခုကို ရင်ဆိုင်တတ်ကြရတာပါပဲ။ မိန်းမသားတွေမှာ အဲဒီ့ကာလကို ရင်ဆိုင်ရတာ မတွေ့ရဘူး။ သည် ကာလကလည်း ယောက်ျားတစ်ယောက်နဲ့ တစ်ယောက်ကြား မတူညီကြဘူး။

တချို့တွေအတွက်ကျတော့ မိနစ်ပိုင်းပဲ ကြာတယ်။ တချို့အတွက်ကျတော့လည်း  တစ်နာရီလောက်ကြာတယ်၊ တချို့ဆိုလည်း သည့်ထက်မက ကြာချင်ကြာနိုင် ပါသေးတယ်။ ဘာကို ပြောနေတာလဲ ဆိုရင်တော့ဗျာ၊ ယောက်ျားတွေမှာ ဇာတ်သိမ်းခန်းကို ရောက်ရှိပြီး အထာလည်း ကျသွားတဲ့နောက် နောက်တစ်ကြိမ် နိုးကြားမှုကို အလွယ်တကူ ပြန်မရနိုင်သေးတဲ့ ကာလ အပိုင်းအခြားကို ပြောနေတာပါ။ အဲဒီ့ကာလမှာတော့ အမျိုးသားတွေဟာ ချစ်တင်းနှောရေးကိုလည်း စိတ်မဝင်စားအားတော့ဘဲ ဖြစ်နေတတ်ပါတယ်။
အမျိုးသမီးတွေမှာကတော့ အဲသလို မဟုတ်ဘူး။ နောက်တစ်ကြိမ် ပြန်လည် လှုံ့ဆော်မယ်ဆိုရင် ယောက်ျားတွေထက် မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်း ရှိတတ်ကြစမြဲ ဖြစ်သလို အတော်များများဟာ ဘယ်တော့မဆို ဇာတ်သိမ်းခန်းဆီ အဖန်ဖန် ပြန်သွားနိုင်တတ်ကြပါတယ်။
နောက်ကွဲပြားမှု တစ်ချက်က ကျပြန်တော့လည်း ပထမဆုံး ဇာတ်သိမ်းခန်းကသာ ယောက်ျားတွေအတွက် သာယာ ကြည်နူးစရာ အကောင်းဆုံး ဖြစ်နေတတ်ပေမယ့် အမျိုးသမီးတွေ အတွက်ကျပြန်တော့ နောက်ပိုင်းမှာ ထပ်မံ ရောက်ရှိသွားတဲ့ ဇာတ်သိမ်းခန်းများက ပထမဆုံး ဇာတ်သိမ်းစဉ်ကထက် ပိုပြီး သာယာ ကြည်နူးစရာ ကောင်းနေတတ်စမြဲ ဖြစ်နေတာပါပဲ။

ဇာတ်သိမ်းဆီ အဖန်ဖန် ပြန်သွားနိုင်စွမ်းဟာ အမျိုးသားများနဲ့ အမျိုးသမီးများကြားက အဓိက ကွဲပြားခြားနားမှုတစ်ရပ် ဖြစ်ပါတယ်။

အမျိုးသားများရဲ့ ဇာတ်သိမ်းခန်း

သုက်ပိုးများ ပါဝင်တဲ့ သုက်ကို ထုတ်လွှတ်လိုက်တာမို့ သည်အချိန်မှာ အမျိုးသားများရဲ့ ဝှေးစေ့များနဲ့ ငယ်ပါမှာ ရှိတဲ့ အာရုံကြောများပါဝင်နေတဲ့ တစ်ရှူး (ခေါ်) ဇီဝ ကလာပ်စည်း အစုအဝေးများမှာ နှစ်လိုဖွယ်ရာ တုန်ခါမှုများ ဖြစ်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းကလည်း အမြင့်ဆုံးဖြစ်လာတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ လိင်မှုဆိုင်ရာ ယန္တယား တစ်ရပ်လုံးကို မိမိသဘောကျ ထိန်းသိမ်းနိုင်စွမ်းလည်း မရှိတော့ပါဘူး။

ထုတ်လွှတ်တဲ့ သုက်ပမာဏ များပြားလေလေ အဲသလို ထုတ်လွှတ်မှုနဲ့ တွဲဖက် ပေါ်ပေါက်လာတဲ့ သာယာမှုအတွေ့အကြုံကလည်း ကြီးမားလေလေပါပဲ။ သည်ပမာဏကလည်း ဇာတ်သိမ်းခန်း တစ်ခုနဲ့ တစ်ခုကြားမှာ ဘယ်လောက် ခြားခဲ့ပြီလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဇာတ်သိမ်းချိန်မှာ အမျိုးသားများရဲ့ တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာလည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ တုံ့ပြန်တတ်ကြပေမယ့် စိတ်ခံစားမှုနဲ့ အာရုံစူးစိုက်မှုကတော့ ဆီးခုံရိုး၊ တင်ပါးဆုံရိုး ပတ်ဝန်းကျင်တဝိုက်မှာသာ အဓိကဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ငယ်ပါမှာပဲပေါ့ ခင်ဗျာ။

အမျိုးသမီးများရဲ့ ဇာတ်သိမ်းခန်း

အမျိုးသားတွေနဲ့ မတူပါဘူး။ အမျိုးသမီးများရဲ့ ဇာတ်သိမ်းခန်းမှာ ကနဦးမှာတော့ ယောနိထိပ်က အကြောဆိုင် အဖုအထုံးလေးမှာ အဓိက ဆုံချက်ဖြစ်ပါတယ်။ ပြီးတာနဲ့ ဆီးခုံရိုးအတိုင်း အထက်ဘက်ကို ပျံ့နှံ့သွားတယ်။ အဲဒီ့နောက်မှာ တစ်ကိုယ်လုံး အနှံ့မှာ နွေးခနဲ ဖြစ်သွားပါတယ်။ နွေးခနဲ ဖြစ်ပြီးတာနဲ့ တစ်ပြိုင်နက် တင်ပါးဆုံရိုး အောက်ပိုင်းနဲ့ ယောနိတဝိုက်မှာ အထူးပြုပြီး တဒုတ်ဒုတ် ခုန်လာတတ်ပါတယ်။ အဲဒီ့ခံစားမှုဟာ သားအိမ်နဲ့တကွ မွေးလမ်းကြောင်း အဆုံးပိုင်းက သွေးသားများ ကျုံ့သွားတဲ့အတွက် ပေါ်ပေါက်လာတာပါပဲ။
ဇာတ်သိမ်းခန်းကို ရောက်နေချိန်မှာ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းဟာ ပုံမှန်ထက် နှစ်ဆလောက် ရောက်လာတတ်သလို အသက်ရှူနှုန်းကလည်း ပုံမှန်ထက် သုံးဆ အထိ မြန်လာတတ်ပါတယ်။
သည်နေရာမှာ အရေးတကြီး မှတ်သားသင့်တဲ့ အချက်တစ်ချက်ကတော့ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် ဇာတ်သိမ်းချိန် အတွေ့အကြုံတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်ဘဲ ကွဲပြားနေတတ်သလို သည်တစ်ယောက်တည်းမှာတင်ပဲ တစ်ကြိမ်နဲ့ တစ်ကြိမ်တောင် မတူဘဲ ကွဲပြားနေတတ်တာကိုပါပဲ။ စိတ်အား ထက်သန်မှု အတိုင်းအဆ၊ ချစ်တင်းနှောဖို့ အချိန်ယူတဲ့ ပမာဏစတာတွေပေါ်မှာ မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေနိုင်ပါတယ်။

အမျိုးသားတွေအတွက်က ဇာတ်သိမ်းခန်း အတွေ့အကြုံကို ဘယ်လောက်အထိ ခံစားသာယာနိုင်သလဲဆိုတာဟာ ထုတ်လွှတ်လိုက်တဲ့ သုက်ပမာဏပေါ်မှာ တော်တော်ကြီးကို မူတည်နေပါတယ်။ သည်အချက်ကလည်း အသက်အရွယ်၊ အထွေထွေ ကျန်းမာကြံ့ခိုင်မှု၊ လိင်စိတ်နိုးကြားတဲ့ အတိုင်းအဆစတဲ့ အချက်တွေပေါ်မှာ တည်နေပြန်တယ်။ အလွယ်ဆုံး ပြောရရင်တော့ ယောက်ျားတွေရဲ့ ဇာတ်သိမ်းခန်းဟာ သွေးသားက ပဓာနဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက်ကျတော့ သည်ဇာတ်သိမ်းခန်း အတွေ့အကြုံကို ဘယ်လောက်အထိ ခံစား သာယာနိုင်သလဲဆိုတာဟာ လူမှုရေးနဲ့ စိတ်ဓာတ်ရေးရာ အချက်အလက်တွေပေါ်မှာ ပိုပြီး မူတည်နေတာ တွေ့ရတယ်။ တစ်နည်းပြောရရင်တော့ အမျိုးသမီးတွေမှာ သွေးသားဆိုတာထက် စိတ်က ပို အဓိကကျတယ်ပေါ့ဗျာ။

အားလုံး တွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ


(၂၀၀၇ ခုနှစ် မတ်လထုတ် Idea မဂ္ဂဇင်း)

FROM,...ATK
ကျမ်းကိုး စာရင်း
  1. Marriage and Family: Development and the Change by Stephen R Jorgensen, Macmillan Publishing Company, New York, 1986)
  2. Human Behaviour in the Social Environment: A Multidimensional Perspective by José B Ashford, Craig Winston LeCroy and Kathy L Lortie, Wadsworth/Thomson Learning, USA, 2001, Second Edition)
  3. Fischer’s Erotic Encyclopaedia, Dreamcatcher Interactive Inc., 1996

0 comments:

Search Our Site