Ads

ကြော်ငြာ

Friday, March 29, 2013

Posted by ဆူးအေမီ on 9:40 AM in | No comments
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ် ပဋိပက္ခနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက် အမှတ် (၂/၂၀၁၃) ကို မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရှိရပါသည်။ အဆိုပါ ထုတ်ပြန်ချက် အပြည့်အစုံမှာ- ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့၌ ၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပူးတွဲကြေညာချက် တစ်ရပ် ထုတ်ပြန်နိုင်ခဲ့ပြီး အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများ ရရှိခဲ့သဖြင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ဝမ်းမြောက်မိပါသည်။ အဆိုပါ ပူးတွဲကြေညာချက်အရ အပစ်အခတ်ရပ်ဆိုင်းရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် ကချင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဟု ဖော်ပြခြင်းကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော ပဋိပက္ခနှင့် စပ်လျဉ်းသည့် ဖြစ်ပေါ်တိုးတက်မှုများကို အစဉ်တစိုက် စောင့်ကြည့်လေ့လာခဲ့ပါသည်။ အဆိုပါ ပဋိပက္ခသည် ကာလရှည်ကြာ လာသည်နှင့်အမျှ ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေသူများ အနေဖြင့်လည်း ဒုက္ခပိုမိုခံစားနေကြရသည်ကို ဝမ်းနည်းစွာ တွေ့ရှိရပါသည်။ ကော်မရှင်သည် ကချင်ပြည်နယ်သို့ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်ကြိမ်၊ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လတွင် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် သွားရောက်ခဲ့ပြီး ရပ်ရွာစွန့်ခွာ တိမ်းရှောင်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိရေးအတွက် သက်ဆိုင်ရာများနှင့် ညှိနှိုင်း၍ ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့ပြင် အဆိုပါ ပဋိပက္ခနှင့် စပ်လျဉ်းသည့် ကော်မရှင်၏ သတင်းထုတ်ပြန်ချက်များ တွင်လည်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်သူများ မိမိရပ်ရွာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး မပြုလုပ်မီ မိုင်းရှင်းလင်းရေး ပြုလုပ်ရန် လိုအပ်ကြောင်း၊ မိုင်းရှင်းလင်းရေး ပြုလုပ်ပါက လက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊ ရွာသားများကို မိုင်းအသိပညာပေးသင့်ကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ကျေးရွာလူထုအပေါ် မည်သို့သော အကြောင်းနှင့်မျှ လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း မပြုရန်နှင့် တပ်သားသစ်များ အတင်းအဓမ္မ ခေါ်ယူစုဆောင်းခြင်း မပြုကြရန် လိုအပ်ကြောင်း၊ ပဋိပက္ခ ဒုက္ခသည်များထံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ လုံခြုံချောမွေ့စွာ ပို့ဆောင်ရေးနှင့် ရောက်ရှိရေးကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းတို့ကို အလေးအနက် တိုက်တွန်းခဲ့ပါသည်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေးကို ရည်မှန်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနေစဉ် ကာလအတွင်း ရပ်ရွာစွန့်ခွာ တိမ်းရှောင်နေသူများ ခံစားနေရသည့် ဒုက္ခများ လျော့ပါးစေရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ပိုမိုအထောက်အကူ ဖြစ်စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အကြံပြု တိုက်တွန်းထားသည့် အထက်ဖော်ပြပါ အချက်များကို လတ်တလော ဦးစားပေး အကောင်အထည် ဖော်ဆောင်သင့်ကြောင်း ထပ်လောင်း တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြထားကြောင်း ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
မှာ... khitlunge.net.mm

0 comments:

Search Our Site