Ads

ကြော်ငြာ

Tuesday, March 12, 2013

Posted by ဆူးအေမီ on 10:30 PM in | No comments



နိုင်ငံ့ဝန်ထမ်းများကို လစာတိုးမြှင့်ပေးတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းချေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက လာမယ့် ဘဏ္ဍာနှစ်သစ်မှာ တိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။





“၀န်ထမ်းတွေကို လစာတိုးပေးဖို့၊ ပင်စင်စားတွေ တိုးပေးဖို့ အဲဒါတွေအတွက် ရည်ရွယ်ပြီး လျာထားတာဖြစ်ပါတယ်။ လစာနှုန်းထားတိုးပေးဖို့ပါ။ ထောက်ပံ့ကြေး မဟုတ်ပါဘူး။ ခါတိုင်းတိုးပေးတာကတော့ ဧပြီ ၁ ရက်နေ့ကစပြီး တိုးတိုးပေးတယ်။ ဘဏ္ဍာရေးနှစ်သစ်မှာ တိုးပေးဖို့ အစီအစဉ်လုပ်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က ပါလီမန်တင်ပြီးမှ ပါလီမန်က အတည်ပြုမှ အတည်ပြုပြောကြားလို့ရမယ်။”

အစိုးရအနေနဲ့ နိုင်ငံဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေရဲ့ လစာ၊ စရိတ်ခံစားခွင့်တွေကို ခေတ်နဲ့ လျော်ညီစေဖို့ တိုးမြှင့်ပေးနိုင်ရေးနဲ့ လက်ရှိခံစားခွင့်ပြုထားသော အပိုထောက်ပံ့ကြေးနဲ့ ဝေးလံခေါင်သီဒေသရှိ ၀န်ထမ်းတွေအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားတယ်လို့ သမ္မတက ပြောပါတယ်။

ဒီလို လစာငွေတွေတွေ တိုးမြှင့်ပေးရာမှာ ၀န်ထမ်းအသုံးစရိတ်တွေကို အရင်နှစ်တွေရဲ့ အသုံးစရိတ်တွေထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေကို ထောက်ပံ့ကြေးများကို တဆင့်ပြီး တဆင့် တိုးမြှင့် ပေးနိုင်တော့မှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထံ ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူးသ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

အစိုးရ အဖွဲ့အနေနဲ့ နိုင်ငံ့ ဝန်ထမ်းများ အပါအဝင် နိုင်ငံသား အားလုံး၏ တစ်ဦးချင်း ဝင်ငွေ တိုးတက် စေရေးကို ရည်မှန်း ဆောင်ရွက်လျက် ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ တိုးမြှင့်ပေးပြီး သန့်ရှင်းသောအစိုးရ ဖြစ်ရေးနှင့် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် ဖြစ်စေရေး လုပ်ငန်းစဉ်မှာ ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေးအတွက်လည်း ဦးတည် ဆောင်ရွက်လျက် ရှိတယ်လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီအတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို ပြည့်ပြည့်၀၀ခံစားစေဖို ၀န်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့နဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေဖို့ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရတက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ၀န်ထမ်းတွေကို ထောက်ပံ့ကြေး ၃ သောင်း တိုးမြှင့်ပေးခဲ့ပါတယ်။


ဒီဗွီဘီ - ၁၃ မတ်လ ၂၀၁၃

0 comments:

Search Our Site