Ads

ကြော်ငြာ

Wednesday, January 22, 2014

Posted by ဆူးအေမီ on 8:36 AM in | No comments

မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်ပတ်သက်နေခြင်းမှာ အရပ်သားအစိုးရလက်ထက် သုံးနှစ်ကျော်လာသည့်တိုင် ဒီမိုကရေစီအမှန်တကယ်လိုလားသူတို့ကြား မေးခွန်းထုတ်စရာ အဖြစ်ရှိနေဆဲပင်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံမူများအခန်းတွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်မှပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်သည်” ဟု အတိအလင်းပါရှိနေခြင်းက လက်ရှိလျှောက်လှမ်းနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကို တပ်မတော်က လမ်းပြနေသယောင်ပင်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်တစ်နေရာတွင် တပ်မိသားစုများနှင့် တွေ့ဆုံရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် တပ်မတော်ပါဝင်နေရခြင်းမှာလည်း နိုင်ငံရေးတည်ငြိမ်မှုရင့်ကျက်စေရန်၊ ပြည်သူပြည်သားများ၏ ဒီမိုကရေစီကျင့်စဉ်များ၊ ဥပဒေနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းများအတွက် ၀ိုင်းဝန်းထိန်းသိမ်းရန်ဖြစ်သည်ဟု ပြောကြားခဲ့ရာ ယခုနှစ်ပိုင်းများအတွင်း ကာချုပ်က တပ်မတော်၏အခန်းကဏ္ဍ တဖြည်းဖြည်းနောက်ဆုတ်သွားမည်ဟု ပြောကြားခဲ့သည်များနှင့် ကွဲလွဲနေသည်ကို တွေ့ရသည်။

ထိုသို့ပြောခြင်းသည် လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလတိုင် နိုင်ငံသားများနှင့် အရပ်သားနိုင်ငံရေးသမားများအပေါ်တွင် ယုံကြည်မှုကင်းမဲ့နေသေးကြောင်း ဖော်ပြရာရောက်နေသည်။ အရပ်သားနိုင်ငံရေးသမားများအပေါ်တွင် ယုံကြည်မှုအားနည်းနေသေးသမျှ နိုင်ငံရေးတွင် တပ်ကပါဝင်ပတ်သက်နေဦးမည်ဖြစ်ပြီး တပ်ကနိုင်ငံရေးအပေါ် သြဇာဆက်လက်လွှမ်းမိုးခဲ့သည့် နှစ် ၅၀ ကာလအတွင်း အဘက်ဘက်တွင် နိုင်ငံနောက်ကျကျန်ခဲ့သည်မှာ သမိုင်းသက်သေပင်ဖြစ်သည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးတွင် တပ်ကပါဝင်စွက်ဖက်ခြင်းမပြုရန်မှာ အင်န်အယ်လ်ဒီ၏မူဝါဒဖြစ်ပြီး နိုင်ငံရေးတွင်ပါဝင်စွက်ဖက်ခြင်းမပြုရန် တစ်နည်းမရပါက နောက်တစ်နည်းဖြင့် လုပ်ဆောင်သွားမည်ဟု ကရင်ပြည်နယ်ဟောပြောပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။

“တပ်မတော်အနေနဲ့ အရပ်သားနိုင်ငံရေးသမားတွေအပေါ် ယုံကြည်မှုအားနည်းနေတာကတော့ အမှန်ပါ။ ယုံကြည်မှုတည်ဆောက်ဖို့ဆိုရင် တွေ့ဆုံဆွေးနွေးရေးက အရေးကြီးတာပါ”ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့သည့် အခြေအနေများအရ မြန်မာ့တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမားများ၏ နိုင်ငံရေးဦးဆောင်နိုင်မှုစွမ်းအားအပေါ် ယုံကြည်မှုရေချိန်နိမ့်ကျနေသေးသည်ဆိုသည်မှာတော့ ငြင်းနိုင်ဖွယ်မရှိပေ။

မြန်မာ့နိုင်ငံရေး၏ ခက်ခဲရှုပ်ထွေးသောအခြေအနေသည် စစ်တပ်၏ပြုပြင်ပြောင်းလဲရေးဖြစ်ပြီး တိုင်းပြည်ကို နှစ်ပေါင်း ၅၀ နီးပါး အုပ်ချုပ်ခဲ့သည့် မြန်မာ့စစ်တပ်သည် ယနေ့အချိန်အထိ အာဏာကို ကိုင်စွဲထားဖွယ်ရှိနေသည်ဟု အရှေ့တောင်အာရှဆိုင်ရာ ဗြိတိန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဟူဂိုဆွိုင်းက ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

အလားတူပင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကြားတွင် ရွေးကောက်ခံမဟုတ်၊ မဲဆန္ဒနယ်လက်ကိုင်လည်းမရှိသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနေရာ ယူနေခြင်းက ဒီမိုကရေစီသရုပ်ပျက်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

နိုင်ငံသားများကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ နေထိုင်ရန်ဝိုင်းဝန်းထိန်းသိမ်းပေးမည့် တပ်မတော်သည် ဒီမိုကရေစီနည်းလမ်းမကျသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင်းရှိနေခြင်းက ရှေ့နောက်မညီပင်ဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးကပြောသည်။

“၂၅ ရာခိုင်နှုန်းထည့်ထားခြင်းသည် ရွေးကောက်တင်မြှောက်တာလည်းမဟုတ်ဘူး။ လူထုဆန္ဒနဲ့လည်းမဟုတ်ဘူးဆိုတာ သဘောပေါက်ပြီး ၂၀၁၅ ကျရင် မပါဝင်တော့ဘူးလို့ ဒီမိုကရေစီအရမြင်ပြီး ဖယ်ပေးရင် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်လာပါလိမ့်မယ်”ဟု သူရဦးတင်ဦးကပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေပြီဖြစ်၍ တပ်မတော်၏အခန်းကဏ္ဍကို လျှော့ချနေကြောင်း ၎င်း၏ပြည်ပခရီးစဉ်များတွင် ပြောကြားခဲ့သည်။

တပ်မတော်၏အခန်းကဏ္ဍသည် နိုင်ငံတော်ကိုကာကွယ်ရန် အဓိကတာဝန်ဖြစ်ပြီး တပ်မတော်သည် တာဝန်များဆောင်ရွက်စရာ များစွာရှိနေသဖြင့် မည်သူမဆို ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြမည်ဆိုလျှင် တိုင်းပြည်တွင် မည်သည့်အဖွဲ့အစည်းမဆို သိက္ခာရှိသည့်အနေအထားဖြင့် လေးလေးစားစား ဆက်ဆံခံကြရမည်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

“အနီးစပ်ဆုံးဥပမာပေးရရင် ထိုင်းနိုင်ငံရဲ့တပ်မတော် ဘယ်လိုရပ်တည်သလဲ။ သူ့အလုပ် သူလုပ်သွားတယ်။ လိုအပ်ရင် တိုင်းပြည်ကိုထိန်းပေးတယ်။ ဘက်မလိုက်တဲ့အနေအထားမျိုး၊ အာဏာမမက်မောတဲ့အနေအထားမျိုးမှာ ရှိနေတယ်။ အခုဖြစ်နေတဲ့ အနေအထားအရ ၂၀၁၅ မှာ အချင်းချင်းပွတ်တိုက်မှုတွေ များနိုင်တယ်။ တပ်မတော်က ကြားကနေ အကောင်းဆုံးကူညီပြီးတော့ ထိန်းညှိပေးဖို့ပဲလိုအပ်ပါတယ်”ဟု ဦးခိုင်မောင်ရည်ကပြောသည်။

တပ်မတော်က အမိန့်ပေးစနစ်ဖြင့် ပြည်သူလူထုအား စေခိုင်းခြင်းသည် သဘာဝမကျဘဲ ပြည်သူလူထုကသာလျှင် တပ်မတော်သည် မည်သည့်အခန်းကဏ္ဍတွင် ပါဝင်သင့်သည်ကို သင်ပေးရမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦးကဆိုသည်။

“ပြည်သူလူထုကသာ တပ်ကိုသင်ပေးရမှာ။ အခုက တပ်က သူ့ခေါင်းဆောင်မှုနဲ့ ပြည်သူလူထုက နောက်ကလိုက်ရမယ်ဆိုတော့ ဒါကြီးက ဘယ်ဟုတ်မလဲ။ ပြောင်းပြန်ကြီးဖြစ်နေတယ်”ဟု ကာကွယ်ရေးဦးစီးချုပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်နေရာတွင် ပြောခဲ့သည့်စကားကို သူရဦးတင်ဦးက ပြန်လည်ချေပပြောကြားသည်။

မည်သို့ပင်ဆိုစေ လက်ရှိအခြေအနေတွင် အရပ်သားအစိုးရ တာဝန်ယူနေသည်ဆိုသော်လည်း အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ အများစုသည် တပ်မတော်သားဟောင်းများဖြစ်နေသည်ကို ငြင်းနိုင်ဖွယ်မရှိချေ။

သမ္မတဦးသိန်းစိန်အနေဖြင့် ပြင်ပအရပ်သားပညာရှင်များ၊ နိုင်ငံရေးသမားများထက် စစ်ဗိုလ်ချုပ်ဟောင်းများကို အစိုးရအဖွဲ့အတွင်း နေရာပေးထားခြင်းမှာ အရပ်သားများအပေါ် အပြည့်အ၀ ယုံကြည်မှုမရှိသေးခြင်းဖြစ်နိုင်ကြောင်း တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကပြောသည်။

အစိုးရအဖွဲ့တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန ၃၆ ခု၌ ပြည်ထောင်စုဝန်ကြီး ၃၆ ဦးရှိပြီး ၎င်းတို့အနက် လက်ရှိယူနီဖောင်းဝတ်ထားသည့် ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ၀န်ကြီးသုံးဦးအပါအ၀င် ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်မှူးကြီး အစရှိသည့် စစ်တပ်အဆင့်မြင့်ရာထူးများမှ အသွင်ပြောင်းထားသူ ၂၅ ဦးရှိသည်။ ပြင်ပမှ အရပ်သားပြည်ထောင်စုဝန်ကြီး ရှစ်ဦးသာပါရှိသည်။

အလားတူ ဒုတိယ၀န်ကြီး ၅၉ ဦးတွင်လည်း တပ်မှအသွင်ပြောင်းသူ အများစုပါဝင်နေသည်။ ပြည်နယ်နှင့်တိုင်း ၁၄ ခုရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များတွင်လည်း အရပ်သားတစ်ဦးသာပါရှိသည်ဟု သိရသည်။

“အစိုးရအဖွဲ့ထဲမှာ အရပ်သားဆိုလို့ ရှစ်ယောက်၊ ကိုးယောက်လောက်ပဲပါမယ်ထင်တယ်။ ဒါကြောင့်မို့လို့လည်း မထူးပါဘူး၊ အလကားပါပဲ ဘောင်းဘီချွတ်တာကလွဲပြီး စစ်အစိုးရပါပဲလို့ ဝေဖန်နေကြတာလည်း အဲဒါလည်းပါတယ်”ဟု ဦးအောင်သောင်းက ဆက်လက်ပြောကြားသည်။

ထို့ကြောင့် လက်ရှိအစိုးရအဖွဲ့အတွင်းတွင် အခြေခံအာဏာတည်ဆောက်ပုံသည် ပြောင်းလဲခြင်းမရှိသေးဟု မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ မစ္စတာဘာတေးလင့်တနာကဆိုသည်။

“နိုင်ငံအတွင်းမှာ ပိုမိုလွတ်လပ်ပွင့်လင်းလာပါတယ်။ ဒါပေမဲ့ တပ်ကတော့ အဓိကသြဇာရှိအဖွဲ့အစည်းအဖြစ် ကျန်နေတုန်းပါပဲ”ဟု မစ္စတာဘာတေးလ်လင့်တနာကပြောသည်။

မြန်မာနိုင်ငံ၏ အမှန်တကယ်အပြောင်းအလဲသည် ဧကန်ရောက်ရှိလာမည်ဖြစ်သည်။ သို့သော် အချိန်ယူရမည်ဖြစ်ပြီး အရပ်ဘက်နှင့် တပ်တို့၏ အခြားမျိုးဆက်များတွင် ဖြစ်လာနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

“နိုင်ငံဟာ တပ်မတော်ရဲ့အစေခံမဖြစ်ရဘူး။ တပ်မတော်ဟာ နိုင်ငံရဲ့အခြေခံဖြစ်ရမယ်”ဟု တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့ဖူးလေသည်။

ရေးသားသူ- သီဟ
7Day News Journal

ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ

0 comments:

Search Our Site