Ads

ကြော်ငြာ

Thursday, January 16, 2014

အမေရိကန်သမ္မတအိုဘားမားစတိုင် အင်ဒိုနီးရှားခေါင်းဆောင်
ဇော်အောင် (မုံရွာ)
ဇန်န၀ါရီ ၁၆၊ ၂၀၁၄



JOKOWI ပိုစတာဖြစ်ပါသည်။ အင်ဒိုနီးရှား၊ လက်ရှိ ဂျာကာတာမြိုတော်ဝန် ဂျိုကိုဝီ ဟု လူသိများပြီး၊ အင်ဂျင်နီယာတစ်ဦးလဲ ဖြစ်ပါသည်။
လောလောဆယ် ၁၃ ဇန္နဝါရီ ၂၀၁၄ ဂျာကာတာ ရေလွှမ်းမိုးကာ အိမ်ပေါင်း ၇ထောင်ကျော် ရေမြုတ်နေပြီး၊ လူပေါင်း ၂၅၀၀၀ ရေဘေးဒုက္ခရောက်နေပါသည်။  “ ရေဆီးတားတွေ ပြင်ဖို့ ယန္တရားကြီးတွေနှင့် လုပ်နေပါတယ်။ မြစ် ၁၃ခု မြို့ထဲစီးဝင်တဲ့ ရေတွေဖြစ်ပါတယ်။ ရေရှည်မှာ ဒါမျိုးမဖြစ်အောင် အနီးနားက သစ်လုပ်ငန်းများက သစ်တောခုတ်လှဲများ ရပ်ဆိုင်းပြီး စိမ်းလန်းတဲ့ သစ်တောဖြစ်ဖို့ အစိုးရ၏ အကူညီလိုပါတယ်။  မြို့သူမြို့သားများလဲ မြောင်းများ မပိတ်ဆို့ဖို့ အမှိုက်စနစ်တကျပစ်ဖို့ လိုပါတယ်...” ဟု မြို့တော်ဝန် ဂျိုကိုဝီ ကပြောပါသည် ။  ဒါတွေ လုပ်ဖို့ ဂျာကာတာမြို့အဖွဲ့နှင့်မရပါ၊ ဗဟိုအစိုးရလည်း ပူးပေါင်းလုပ်ဆောင်ပေးဖို့ လိုကြောင်း ပြောပါသည်။ ရေစုတ်ပန့်များစွာ အလုပ်လုပ်လျှက်ရှိကြောင်း၊ ဂျာကာတာ မြို့နယ်ပေါင်း ၃၁ ခုမှာ ရေကြီးနေကြောင်း၊ ဂျာကာတာ ရဲဌာနမှ သတင်းထုတ်ပြန်ပါတယ်။ 
သူ့ကို ဂျာဗားကျွန်းအလယ်က လူဦးရေ၅သိန်းခန့်ရှိသော ရှေးဟောင်းမြို့တော် Surakarta မြို့တွင် ၁၉၆၁ မွေးဖွားခဲ့ပါသည်။ ယခု ၅၂ နှစ်အရွယ်ဖြစ်သည်။ ၁၉၈၅  သစ်တောဆိုင်ရာ၊ အင်ဂျင်နီယာဘွဲ့ရရှိပြီး နောက်ပိုင်း ကုမ္ပဏီအလုပ်၊ အိမ်ထောင်ပရိဘောဂ စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာ လုပ်ခဲ့ပါသည်။  ဆူကရာတာမြို့ဝန် ရာထူး အတွက် သူ့ကို ယှဉ်ပြိုင်စေရာမှာ အနိုင်ရရှိပြီး ၂၀၀၆ ဆူကရာတာမြို့ဝန်ဖြစ်လာပါသည်။ သာမန် လုပ်ငန်းရှင်တစ်ဦး မြို့ဝန်တာဝန်ကို ထမ်းဆောင်နိုင်ပါ့မလား သံသယဖြစ်ခဲ့ကြသည်။ လက်ရှိ အင်ဒိုနီးရှားသမ္မတ ယူဒိုယိုနို မြို့ဝန်လုပ်ခဲ့ဖူးသော မြို့လည်းဖြစ်ပါသည်။ သူတာဝန်ယူပြီး မကြာခင် သူ့၏ အရည်အချင်များကို တွေ့လာရပါသည်။ သူ လုပ်ငန်းရှင်အဖြစ် ဥရောပမြို့တော်တော်များများကို ရောက်ခဲ့စဉ်က  ထိုမြို့များ၏ ဖွံ့ဖြိုးရေး လုပ်ဆောင်မှု နမူနာများစွာအတုယူပြီ ဆူကရာတာမြို့အတွက် သင့်လျှော်အောင် ကော်ပီ လုပ်ဆောင်စေပါသည်။ သူ နိုင်ငံခြား သွားလာနေစဉ်ကာလ သူများနိုင်ငံမှာ ဘယ်လိုလုပ်ကိုင်သည်ဆိုတာ သေသေချာချာ လေ့လာ၊ ဆည်းပူးခဲ့ပါသည်။ ထိုကဲ့သို့လေ့လာပြီး မှတ်တမ်းတင်မှုများသည် သူကိုယ်တိုင် မြို့တော်ဝန် ဖြစ်လာချိန်တွင် လက်တွေ့ကျင့်သုံး၊ အကောင်ထည်ဖေါ်နိုင်ခဲ့ပါသည်။ သူသည် ယခင် အင်ဒိုနီးရှားခေါင်းဆောင်များလို ဟိတ်ဟန်မရှိ၊ ပုံစံခြားနားပါသည်။ ပြည်ထုနှင့် တွေ့ဆုံပွဲများတွင် လူငယ်များက ဂျိုကိဝီ လက်ကိုဆွဲပြီး သူတို့ခေါင်းပေါ်တင်ကြပါသည်။ အင်ဒိုနီးရှားစတိုင် လူငယ်တွေက လူကြီးကိုလေးစားကြောင်း ပြခြင်းဖြစ်သည်။
● ဆူရာကာတာမြို့ဝန်အဖြစ် မှတ်တမ်းတင်လုပ်ဆောင်မှုများ
- သူ့မိသားစုကို မြိုတော်၏ ကန်ထရိုက်တွင် လုံးဝ၊ တင်ဒါမဆွဲခိုင်းပါ။ အဂတိလိုက်စားမှုမရှိ၊ သန်ရှင်းခြင်း။ 
- မြို့၏ ရိုးရာမပျက် ဈေးကြီးတည်ထောင်ပေးခြင်း၊ ဈေးဆိုင်များမှာ ရှေးဟောာင်းပစ္စည်းဆိုင်၊ အိမ်သုံးပစ္စည်းဆိုင်များပါဝင်ပါသည်။ 
- မြို့လည်ခေါင် လမ်းမတွေကြား လူများလမ်းလျှောက်ဖို့ ၃မီတာကျယ်ပြီး၊ ၇မီတာရှည် လမ်းကိုတည်ဆောက်ပေးခြင်း
- မြို့၏ ပန်းခြံကြီးနှစ်ခုကို စည်ပင်သာယာ၊ လှပအောင် အပမ်းဖြေစခန်းအဖြစ် ပြုပြင်တည်ဆောက်ခြင်း
- မြို့ထဲမှ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ခြင်းကို ဥပဒေဖြင့်တင်းကျပ်စွာ ထိန်းချုပ်ခြင်း
- “ဂျာဗားစိတ်ဓါတ်” ဆိုင်းဘုတ်နှင့် ဂျာဗာကျွန်းယဉ်ကျေးမှုကို မြှင့်တင်ပြီး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်စေခြင်း
- မြို့ကို ဆွေးနွေးပွဲများ၊ ကွန်ဗင်းရှင်းများ၊ ပြပွဲများ၊ ကြော်ငြာပွဲများ ဗဟိုအဖြစ် မြှင့်တင်ပေးခြင်း
- သူကိုယ်တိုင် မြို့အနှံ့အပြားအရောက်သွားပြီး၊ ဒေသခံလူများ၏ လိုအပ်ချက်နှင့် အပြစ်တင်ခြင်းကို ကိုယ်တိုင်နားထောင်ခြင်း
- ကျန်းမာရေးအာမခံ ထားခြင်းကို မြို့သူ၊ မြို့သား အားလုံး ပါဝင်စေခြင်း၊ 
- မြို့လူထု သယ်ယူပို့ဆောင်ရေးအတွက် ၂ထပ်၊ ဘတ်စ်ကားကြီးများ၊ မိုနို ရထားလမ်းများ ပြေးဆွဲစေခြင်း
- Solo Techno Park စက်မှုဇုံတစ်ခု တည်ဆောက်ပြီး အင်ဒိုနီးရှားလုပ်၊ မော်တော်ကားများကို မြှင့်တင်ပေးခြင်း တို့ဖြစ်ပါသည်။
“Solo: The Spirit of Java”  ဆိုင်းဘုတ် အောင်မြင်စွာ၊ လုပ်ဆောင်ခဲ့ပါသည်။ မြို့ထဲမှာရှိသော အဟောင်းပစ္စည်း၊ ဈေးဆိုင်အားလုံး မြို့ပြင် ဥယဉ်တခုဆီရွှေ့ခြင်းကို တဖြေးဖြေး၊ ညင်သာစွာ ရွှေ့ပြောင်းပေးခဲ့ပါသည်။ မြို့ကြီးများအင်္ဂျါနှင့် အညီ မြို့လည်မှာ သစ်ပင်များ စိမ်းစိမ်း၊ စိုစို စိုက်ထားဖို့ နေရာများကို ဖန်တီးခဲ့ပါသည်။ မြို့လည်ခေါင်လည်း ပြန်လည် စိမ်းလန်းစိုပြေ လာပါသည်။ မြို့ကမ္ဘာ့အဆင့်မီ ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေးသမားများပါဝင်လာရာတွင် မမှန်ကန်သော ရင်းနှီးမြှတ်နှံမှုများကို မြို့ကန်ထရိုက်လုပ်ငန်းများမှ ထုတ်ပယ်ပစ်ပါသည်။ မကြာခင် ၂၀၀၆ခုနှစ်မှာ ဆူကရာတာမြို့ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေခံမြို့များအဖွဲ့အစည်း Organization of World Heritage Cities ၏ အသင်းဝင်အဖြစ် လက်ခံခဲ့ပါသည်။ ထို့နောက် ကမ္ဘာ့အဖွဲ့အစည်း၏ ပွဲတော်ကြီးများ ဆူကရာတာမြို့မှာ ကျင်းပခဲ့ပါသည်။ ၂၀၀၈မှာ ကမ္ဘာတေးဂီတပွဲတော်ကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ မြို့၏ သမိုင်းဝင်မှတ်တမ်းတင်နေရာများကို မြှင့်တင်ပေးပြီး၊ အသုံးမကျတဲ့နေရာများကို ဘူတိုဇာနှင့် တိုက်ဖျက်ဖို့ ဆုံးဖြတ်ချက်များစွာ ချမှတ်ခဲ့ပါသည်။
ဂျိုကိုဝီ ၏ စတိုင်မှာ “Can-do” လုပ်နိုင်ပါသည်.. ဆိုသည့်အတိုင်း၊ အောင်မြင်စွာ မြို့ရပ်မိဘများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပါသည်။ အထူးသဖြင့် လူငယ်များ၏ တခဲနက် လုပ်အားပေးမှုများ တွေ့ရပါသည်။ မြို့ရပ်လူထု ရွေးကောက်တင်မြှောက် ခံထားသူများ သွေးစည်းစေပြီး၊၊ လက်တွေ့လုပ်ဆောင်ရာတွင်လဲ အောင်မြင်ပါသည်။ သူကိုယ်တိုင် အခက်အခဲများကို ပါဝင်၊ ကျော်လွှားဆောင်ရွက်ပါသည်။ ၂၀၁၁ ခုနှစ် မြို့တော် မြူနီစပါယ်က လျှပ်စစ်ဓါတ်အား ကော်ပိုရေးရှင်းကို ဓါတ်အားခငွေ ကန်ဒေါ်လာ တစ်သန်းနီးပါး အကြွေး ပေးစရာရှိပါသည်။ ခရစ်စမတ်ပွဲကို တမြို့လုံး ပျော်ရွှင်စွာ ဆင်နွဲနေသည့် ညမှာ အစိုးရလျှပ်စစ်ကော်ပိုရေးရှင်းက မီးဖြတ်တောက်လိုက် ပါသည်။ မြို့ မြူနီစပယ်အဖွဲ့က အကြွေးပေးဖို့ ချက်ချင်းဆုံးဖြတ်ပြီး ထိုကဲ့သို့ အတင်းအကြပ် အကြွေးတောင်းတာမျိုး နိုင်ငံတော်လျှပ်စစ်ကော်ပိုရေးရှင်းက နောက်နောင်မလုပ်ဖို့၊ မြို့သူမြို့သားများဖက်ကလည်း ပြန်ကြည့်သင့်ကြောင်း ကန့်ကွက်စာထုတ်ပါသည်။ ဒေါ်လာတစ်သန်းနီးပါး အင်ဒိုနီးရှားငွေများ အထုပ်ပေါင်းရာနှင့်ချီ စုဆောင်းပြီး၊ လျှပ်စစ်ဓါတ်အားကော်ပိုရေးရှင်း ရုံးကို  မြို့တော်ဝန် ဂျိုကိုဝီ ကိုယ်တိုင် သွားပေးခဲ့ပါသည်။ ပြဿနာများ ခေါင်းခံစရာရှိလျှင် ကိုယ်တိုင် ဝင်ရှင်းပေးသူ ဖြစ်ပါသည်။
● ဂျာကာတာမြို့ဝန်အဖြစ် ရွေးခံရခြင်း
၂၀၁၂ ခုနှစ်တွင် လူဦးရေ ၁၀သန်းရှိသော ဂျာကာတာမြို့ဝန် ရာထူးကို လက်ရှိမြို့တော်ဝန်နှင့် ယှဉ်ပြိုင်ရာ အနိုင်ရရှိပြီး၊ အရွေးခံရပါသည်။ သူ၏မြို့ ဆူကရာတာမြို့ဝန် ရာထူးကိုလဲ  မဲပေါင်း  ၉၀%ဖြင့် ဒုတိယသက်တမ်း ဆက်အရွေးခံရသည့်အတွက် ဆူကရာတာမြို့ဝန်ရာထူးကို လက်ထောက်ဖြစ်သူ လွှဲပေးပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်ကြီး ဂျာကာတာကို ပြုပြင်ပြောင်လဲဖို့ ပိုအရေးကြီးပါသည်။
ယခု ဂျာကာတာမြို့ဝန်အဖြစ် ရွေးကောက်ခံရပြီး၊ တာဝန်ထမ်းဆောင်နေစဉ်မှာလဲ ဘာမှထူးခြားစွာ မလုပ်ခဲ့ပါဘူး။ တခုပဲ..သူ့၏ ပွင့်လင်းမြင်သာ စတိုင်ဖြစ်တဲ့ မြို့ရပ်၊ လူထုများနဲ့ ထိတွေ့ရ လမ်းကြားတွေထိသွာပြီး၊ စကားပြော၊ သူတို့၏ တိုင်တန်းချက်များကို နားထောင်ခြင်းကို ဆူကရာတာမြို့ဝန် လုပ်ခဲ့စဉ်ကအတိုင်းပါပဲ။ ဒီနည်းနှင့် လူများ အလုပ်လုပ်ချင်စိတ်ကို အားပေးလှို့ဆော်ပါသည်။ ရာထူးလက်ခံပြီး ရက်၁၀၀ အကြာမှာ ဂျာကာတာပိုစ် သတင်းစာကြီးက အရည်ချင်းရှိသူဖြစ်ကြောင်း၊ ထောက်ခံရေးသားပါသည်။ သူ့၏နည်းလမ်း၊ ပုဂ္ဂိုလ်ရေး၊ လုပ်ငန်းပေါ်လစီနှင့် လူထုဆီထိအောင် သွားရောက်ခြင်းသည် အလွန်ထိရောက်ကြောင်း၊ သူ၏ အခမဲ့ကျန်းမာရေးပေါ်လစီ၊ အခမဲ့ပညာရေးပေါ်လစီများ၊ ဂျာကာတာမှာ မြေအောက်လှိုင်ဂူ ကားလမ်းကြီးဖောက်ရန်၊ မြို့တွင်း ကားကြပ်မှုအတွက် မြို့ထဲဝင်တဲ့ကားများ အခွန်ကောက်ခြင်း ERP စနစ် စတဲ့လုပ်ငန်းတွေမှာ အခက်ခဲများရှိသော်လည်း ကျေနပ်ကြောင်း၊ ဂျာကာတာမြို့သားများ၏ မှန်ကန်သော ရွေးချယ်မှုဖြစ်ကြောင်း ချီးကျူးခဲ့ပါသည်။ ဂျာကာတာမှာ ကျန်းမာရေးအာမခံ ၂၀၁၂ စီမံကိန်းအကောင်ထည်ဖေါ်ရာ လူကြိုက်များလှပြီး ဆေးရုံများစွာက ပါဝင်လျှောက်ထားကြသည်။ လူများစွာ ပါဝင်ပြိး ဆေးကုသမှုခံယူခြင်းကြောင့် စရိတ် ၇၀% ပိုပြီးကုန်ကျလာသည်။ ဆင်းရဲသားများကို အဓိကထား အခမဲ့ဆေးကုခြင်းကို လူလတ်တန်းစားတွေလည်း ဝင်ပြီးတန်းစီ၊ ကုသခံယူသည်။ နောက်ဆုံး လူတစ်ဦးစီ တန်းစီနေသော နေရာကို ဒေါ်လာ၁၅ နှုန်းနှင့် တန်းစီရောင်းစား သည်အထိ ဖြစ်လာသောကြောင့် ဝိုင်းအပြစ်တင်နေကြပါသည်။ မြိုတော်ဝန်ကတော့ ခုခံပြောဆိုပြီး ယုံကြည်မှုနှင့် ဆက်လုပ်ဆောင်လျှက်ရှိပါသည်။ သူက ဂျာကာတာမြို့၏ အုပ်ချုပ် ဗျူရိုကရက်ရေးအရာရှိကြီးများ ကို စောင့်ကြည့်နေသည်ဟု ဆိုပါသည်။ နာမည်ကျော် အဂတိလိုက်စားလှသော အင်ဒိုနီးရှားမှာ ရာထူးအရှိန်နှင့် ငွေချမ်းသာအောင် မလုပ်သူ၊ သန့်ရှင်းသူအဖြစ် နာမည်ကျော်ပါသည်။ ၁၅နှစ်တာ အင်ဒိုနီးရှားနိုင်ငံ ပြုပြင်ပြောင်းလဲမှုမှာ ဒီနှစ် သန့်ရှင်း၊ ပွင့်လင်းသူ၊ အဂတိမလိုက်စားသူအဖြစ် သူ့ပါတီခေါင်းဆောင် မဂ္ဂါဝတီ ထက်ပင် လူကြိုက် အလွန်များနေပါသည်။
၂၀၀၈ ခု အင်ဒိုနီးရှားနိုင်ငံ သမိုင်း အကောင်းဆုံးမြို့တော်ဝန် (၁၀)ဦးစာရင်းဝင် ဖေါ်ပြခံရပါသည်။ ၂၀၁၁ သမ္မတယူဒိုယိုနို၏ ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့ပါသည်။ ၂၀၁၂ တွင် ကမ္ဘာ့ရာဇဝတ်မှု ထူပြောသောမြို့ကို ကမ္ဘာ့အဆင့်မြို့အဖြစ် ပြောင်းလဲနိုင်သည့်အတွက် 2012 World Mayor Prize ကမ္ဘာ့မြို့တော်ဝန် တတိယဆုကို ရရှိခဲ့ပြီး၊ ၂၀၁၃ The City Mayors Foundation လစဉ်ကမ္ဘာ့အကောင်းဆုံး မြို့တော်ဝန်ဆုကိုလဲ ရရှိခဲ့ပါသည်။
● အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ၂၀၁၄
လာမည့် ၂၀၁၄ ဇူလိုင်မှာ အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ရှိပါသည်။ လက်ရှိသမ္မတ ယူဒိုယိုနို သည် စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပြီး၊ ၂၀၁၄၊ ၂၀၀၉ ရွေးကောက်ပွဲ၂ခုစလုံးကို Democratic Party ပါတီနှင့် အနိုင်ရရှိခဲ့သူဖြစ်ပါသည်။ အင်ဒိုနီးရှားနိင်ငံကို ပွင့်လင်းမြင်သာတဲ့ စနစ်အဖြစ် ပြုပြင်ပြောင်းလဲပြီး၊ အဂတိတိုက်ဖြက်သူအဖြစ် နာမည်ရပါသည်။ ယခင်သမ္မတရွေးပွဲ ၂ကြိမ် အနိုင်ရခဲ့သူ၊ ယခု ၂၀၁၄ တွင် အနားယူရမည် ဖြစ်ပါသည်။ သူ့၏ပါတီက သမ္မတလောင်း မကြေငြာသေးပါ။ သမ္မတရွေးကောက်ပွဲ ၆လကျော် မျှသာ လိုပါတော့သည်။
အင်ဒိုနီးရှားနိုင်ငံတွင်  ၅နှစ်တစ်ကြိမ် သမ္မတရွေးကောက်ပွဲ လုပ်ပါသည်။ အမေရိကန်နိုင်ငံကဲ့သို့ ပါတီများက သမ္မတလောင်းကို ရွေးချယ်ရပါသည်။ ပြည်သူလူထု မဲဆန္ဒခံယူပွဲလုပ်ပြီး၊ မဲတစ်ဝက်ကျော်ရသူကို သမ္မတအဖြစ် ရွေးခံရပါသည်။ သို့မဟုတ်ရင် မဲအများဆုံးရတဲ့ ထိပ်ဆုံး၂ဦး ထပ်ပြိုင်ရပါသည်။ မြန်မာသမ္မတ ရွေးပွဲမှာ တစ်မူထူးပါသည်။ ဒု-သမ္မတ(၃)ဦးကို စစ်တပ်နှင့်လွှတ်တော်၂ခုက ရွေးပြီး ထိုအထဲမှ တစ်ယောက်ကို မဲပေးရွေးစနစ်ပါ။ ပြည်သူများက သမ္မတ တိုက်ရိုက် ရွေးချယ်ခွင့်မရှိပါ။ တရုပ်နိုင်ငံ ပုံစံ သမ္မတရွေးကောက်ပွဲဖြစ်ပါသည်။
လက်ရှိဂျာကာတာမြို့ဝန် ဂျိုကိုဝီ ၏ ပါတီမှာ Indonesian Democratic Party – Struggle ဖြစ်ပါသည်။ ပါတီခေါင်းဆောင်မှာ ယခင်သမ္မတဟောင်း မဂ္ဂါဝသီ ဖြစ်ပါသည်။ သူမက  “၂ကြိမ်တိုင်တိုင် သမ္မတရွေးပွဲမှာ ရှုံးထားသည့်အတွက် ဒီတစ်ကြိမ်မှာ အသက်လဲ ၆၇နှစ်ရှိပြီဖြစ်လို့ ဝင်မပြိုင်တော့ပါဘူး..နောက်တက်လာတဲ့ ငယ်ရွယ်သူကို ပါတီကရွေးပါမယ်” ဟု ဖြေပါသည်။  လောလောဆယ် သူ့တို့ပါတီက ဂျာကာတာမြို့ဝန် ဂျိုကိုဝီ လူကြိုက်များလျှက်ရှိပါသည်။ မူဆလင်ဘာသာဝင် ဂျိုကိုဝီ ၏ လူတန်းစားခွဲခြားမှု မရှိကြောင်းကို သူရွေးထားသော လက်ထောက် ဂျာကာတာမြို့တော်ဝန်ကို ကြည့်ပါ။ ခရစ်ယန်၊ တရုပ်အနွယ် Ahok ဆိုသူ၊ လူမျိုးရေးခွဲခြားမှုများကို ခံစားနေရသူဖြစ်ပါသည်။ ဂျိုကိုဝီ သမ္မတအရွေးခံလျှင် Ahok  ဂျာကာတာမြို့ဝန် ဖြစ်မည်။ 
အင်ဒိုနီးရှားတွင် အစိုးရ၏ အဂတိတိုက်ဖျက်ရေး KPK အဖွဲ့ရှိပါသည်။ မကြာခဏ အရေးယူမှုများနှင့် အဂတိပြဿနာ ကျဆင်းမသွားပဲ၊ ပိုဆိုးလာသလို ဖြစ်နေပါသည်။ ဂီတနှစ်သက်သော ဂျိုကိုဝီ လက်ခံယူလိုက်သည့် လက်ဆောင် Metallica တေးဂီတအဖွဲ့က လက်မှတ်ထိုးပြီး ပေးခဲ့သော လျှစ်စစ် ဘော့စ်ဂီတာ တစ်လက်  ရှိပါသည်။ KPK အဖွဲ့က သိမ်းဆည်းလိုက်ပြီး ပြတိုက်မှာ လူထုကို ပြသထားပါသည်။ ဂျိုကိုဝီ က သူ့ကို သမ္မတ ဖြစ်ဖို့မြှင့်တင်နေသူများကို ..” ကျွန်တော့်ဘဝဟာ ရိုးစင်းလှပြီး ဘာမှထူးခြားမှုမရှိတဲ့အတွက် သမ္မတအဖြစ် မထိုက်တန်ပါဘူး ... ဟု ပြောဆိုပါသည်။

နှစ်အနည်းငယ်အတွင်း ဂျိုကိုဝီ လူကြိုက်များလာခြင်းဖြစ်ပါသည်။ သူ့ကို သမ္မတအရွေးမခံရလျှင်လဲ ယိုယွင်းနေသော အင်ဒိုနီးရှားမြို့တော် ဂျာကာတာကို ကမ္ဘာ့အဆင့် ပြုပြင်မည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။  မြန်မာပြည် မြို့ကြီးများ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ စတဲ့မြို့များမှာ  ဂျိုကိုဝီ ကဲ့သို့သော အရည်ချင်းရှိသူများစွာ ရှိပါသည်။ ဂျိုကိုဝီ ကဲ့သို့ မြိုတော်ဝန်များစွာ မြန်မာပြည်တွင် ပေါ်ထွက်လာဖို့.. မျှော်လင့်ပါသည်။ 

0 comments:

Search Our Site