Ads

ကြော်ငြာ

Sunday, April 7, 2013

Posted by ဆူးအေမီ on 10:46 PM in | No comments

From : ..သမ္မတရုံး

နေပြည်တော် ဧပြီ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက် ၁ဝ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအောမြို့၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး (Boao Forum For Asia Annual Conference 2013) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ၍ အဖွင့်မိန့်ခွန်းပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ခေတ္တတည်းခိုသည့် စန်းယမြို့မှ ဘိုအောမြို့ရှိ Boao International Conference Center သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိပြီး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် Convention Hall ၌ ကျင်းပသည့် ဘိုအောဖိုရမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘာ့နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အာရှ ဘိုအောဖိုရမ် အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် ဘုတ်အဖွဲ့ဝင်များ၊ ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးတင်နိုင်သိန်း၊ ဦးသန်းဌေး၊ ဒေါက်တာမြင့်အောင်၊ ဒေါက်တာကံဇော်နှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်ဦးတို့လည်းတက်ရောက်ကြသည်။
အခမ်းအနားတွင် အာရှဘိုအောဖိုရမ် အမှုဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ ယာဆူအိုဖူကူဒါက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘုရင် ဆူလ်တန်ဟာဂျီဟာဆာနာဘိုလ်ကီးယား  မူအစ်ဇာဒင်ဝါဒိုလာနှင့် ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတ Mr. Nursultan Nazarbayev တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်းပြောကြားရာတွင်  ယခုကဲ့သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုအော မြို့တွင် ကျင်းပသည့် ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေးတွင် အမှာစကားပြောကြားခွင့်ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ပါကြောင်းကို ဦးစွာပထမ ပြောကြားလိုပါကြောင်း။
ထို့အပြင် မိမိအနေဖြင့် အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ဘိုအောဖိုရမ် ကျင်းပရေးဆိုင်ရာ အဖွဲ့အစည်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းကို ပြောကြားလိုပါကြောင်း။
ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၏ အဓိကခေါင်းစဉ်အဖြစ် ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေနေသော အာရှတိုက် (Asia Seeking Development for All) ကို သတ်မှတ် ထားရှိခြင်းသည် သင့်မြတ်မှုရှိပြီး အချိန်နှင့် တစ်ပြေးညီလည်း ဖြစ်ပါကြောင်း။
ယနေ့ ကမ္ဘာ့စီးပွားရေး အခြေအနေကို လေ့လာကြည့်ပါက အာရှထွန်းသစ်စ စီးပွားရေး နိုင်ငံများမှာ စီးပွားရေးတိုးတက်မှုကို အားရဖွယ် တွေ့ရ ရှိသော်လည်း  ဥရောပမှာ ရင်ဆိုင်နေရသည့် ငွေကြေးဆိုင်ရာ အခက်အခဲများနှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများ ကြောင့် ပြင်ပဝယ်လိုအား ကျဆင်းခဲ့ပြီး အာရှနှင့် ပစိဖိတ်ဒေသများ၌ စီးပွားရေး တိုးတက်မှုနှုန်းအပေါ် အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ကို လေ့လာတွေ့ရှိနိုင်ပါကြောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး ကုန်သွယ်မှု တိုးတက်မှုနှုန်းသည်လည်း ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း။
အာရှဒေသတွင်း စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ဒေသတွင်း ဝယ်လိုအားကို မြှင့်တင်ပေးခြင်း၊ ဒေသတွင်းမှသာမက အခြားပြင်ပမှ ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်၍ အလုပ်အကိုင်ဖန်တီးမှုများနှင့် ဒေသတွင်း ထုတ်လုပ်မှုတို့ကို ဖြစ်ထွန်းစေခြင်း၊ အာဆီယံဒေသတွင်းမှာလည်း အခြေခံအဆောက်အအုံများ၌ ရင်းနှီးမြှုပ်နှံမှုများကို သင့်တင့်သည့် မူဘောင်များ ချမှတ်ကာ မြှင့်တင်ပေးခြင်း၊ အာဆီယံစီးပွားရေးအသိုက် အဝန်း(အေအီးစီ)ထူထောင်ရေးမှတစ်ဆင့် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု ကိုလည်း ကြိုးပမ်းအကောင်အထည်ဖော်လျက် ရှိပါကြောင်း။
ယနေ့အချိန်အခါတွင် ကမ္ဘာ့နိုင်ငံအများစုမှာ သမားရိုးကျကိစ္စများစွာကို ကိုင်တွယ်ဖြေရှင်း နေရသည့်အပြင် စိန်ခေါ်မှုအသစ်များကိုလည်း ရင်ဆိုင်နေကြရပါကြောင်း၊ ယင်းကဲ့သို့ မသေချာမရေရာသော အရေးကိစ္စများ ကြုံတွေ့နေရသော်လည်း ဆင်းရဲ၊ ချမ်းသာမဟူ ကမ္ဘာ့နိုင်ငံ အားလုံးအနေဖြင့် သတိမပြတ်ဘဲ အကောင်းဘက်မှ ရှုမြင်ရန်လိုအပ်ပါကြောင်း။
ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများ၊ မရေရာမသေချာမှုများနှင့် စွန့်စားရမှု အန္တရာယ်များ ပိုမို များပြားလာသည့်အလျောက် မိမိတို့ဒေသတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တည်ငြိမ်မှု တို့အား ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ သဘာဝ ပတ်ဝန်းကျင် လုံခြုံမှုတို့အား ချိန်ညှိခြင်း၊ စီးပွားရေးတိုးတက်မှုတို့အား ဆက်လက် ထိန်းသိမ်းစေခြင်းတို့ကို ဆက်စပ်ကာ ပူးပေါင်း ဖြေရှင်းနိုင်ခြင်းအားဖြင့် မိမိတို့ဒေသ တွင်း အောင်မြင်မှုများကို ထိန်းသိမ်းထားနိုင်မည်ဟု ယုံကြည်မိပါကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ် အားလုံးတို့တွင် ပူးပေါင်းပါဝင်မှု၊ ပွင့်လင်း မြင်သာမှု၊ တာဝန်ခံနိုင်မှုနှင့် အားလုံးအကျုံးဝင်မှုတို့ကို အလေးပေး ဆောင်ရွက်လျက် ရှိပါကြောင်း။
မြန်မာနိုင်ငံသည် အာရှ၏ အရှေ့/အနောက်ဆက်သွယ်မှုဆိုင်ရာ အချက်အချာနေရာတွင် တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အာရှဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူ ဖြစ်စေနိုင်မှာ ဖြစ်ပါကြောင်း။
ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေး၏  အဓိက ခေါင်းစဉ်ဖြစ်သည့် Asia Seeking Development for All: Restructuring Responsibility & Cooperation အရ အားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မိမိတို့အာရှဒေသအနေဖြင့် ကြုံတွေ့နေရ သည့် ငွေကြေးအကျပ်အတည်း၊ သဘာဝဘေးအန္တရာယ်၊ စားနပ်ရိက္ခာဖူလုံ  စိတ်ချရမှု လျော့ကျလာခြင်းနှင့် စွမ်းအင်လိုအပ်မှုများကို ရင်ဆိုင်ဖြေရှင်း နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်၍ လိုအပ်သလို တာဝန် ယူကာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
အမျိုးမျိုးသော စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရန် နိုင်ငံအဆင့်၊ ဒေသအဆင့်နှင့် ကမ္ဘာတစ်ဝန်းမှာ ရှင်သန်တိုးတက်မှု၊ ခုခံနိုင်စွမ်းရည် မြှင့်တင်ရေးသည် အဓိက ကျပါကြောင်း၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအသစ်များကို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေရခြင်းဖြစ်၍ ဘက်ပေါင်းစုံမှ ချဉ်းကပ်အဖြေရှာသွားရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ဤသို့ဖြေရှင်းရန်မှာ မလွယ်ကူသော်လည်း ကမ္ဘာတစ်ဝန်းဒေသများ ၌ ဒေသ တွင်း ပေါင်းစည်းရေး ဆောင်ရွက်မှုများသည် ကမ္ဘာ့ကိစ္စရပ်များအတွက် အဖြေရှာနိုင်ရေးကို များစွာ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။
ဒေသတွင်း ပေါင်းစည်းမှု အစီအစဉ်အသီးသီးတွင် ပါဝင်သည့် နိုင်ငံအသီးသီး၏ ကြိုးပမ်းမှုများကို စုစည်းနိုင်မှသာ ဒေသအဖွဲ့အစည်း အောင်မြင်မှု ကို ဖော်ဆောင်နိုင် မည် ဖြစ်ပါကြောင်း။
ယခုကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ၂ဝ၁၃ အနေဖြင့် နိုင်ငံအားလုံးနှင့် နိုင်ငံသားအားလုံးတို့၏ အခြေခံကျသည့် ဖွံ့ဖြိုး တိုးတက်မှုများ အတွက်အမြင်၊ မဟာဗျူဟာများနှင့် အောင်မြင်နိုင်မည့် နည်းလမ်းများကို ရှာဖွေ အကောင်အထည် ဖော် နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယနေ့ကျင်းပသည့် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည် အစည်းအဝေး၏ ရလဒ်များသည် အာရှဒေသ၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကောင်း များစွာကို ရှာဖွေဖော်ဆောင်ပေးနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ဖင်လန်၊ မက္ကဆီကို၊ ပီရူး၊ ဇမ္ဘီယာ၊ ၿသစေၾတးလ်၊ ကေမၻာဒီးယား၊ နယူးဇီလန်၊ အယ်လ်ဂျီးရီးယားနှင့် မွန်ဂိုလီးယားနိုင်ငံတို့မှ နိုင်ငံအကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဋ္ဌနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)  ဦးဆောင်ညွှန်ကြားရေးမှူးတို့က မိန့်ခွန်းများ အသီးသီး ပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းလိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဘိုအောဖိုရမ် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာ စားပွဲသို့ နိုင်ငံ အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် တက်ရောက်လာကြသူများနှင့်အတူ တက်ရောက်သည်။
နိုင်ငံတော်သမ္မတသည် ညနေပိုင်းတွင် ဟိုင်နန်ပြည်နယ် စန်းယမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရာ ညနေ ၅ နာရီ ၄၅ မိနစ်တွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဦးဥာဏ်ထွန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.Lu Zhi တို့က နေပြည်တော်လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
.. www.MyanmarExpress.net

0 comments:

Search Our Site