Ads

ကြော်ငြာ

Sunday, April 28, 2013

Posted by ဆူးအေမီ on 10:50 AM in | No comments
မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲ စတင်ပြီးနောက်တွင် နိုင်ငံရေးနှင့် စီးပွားရေးအရ စိတ်ဝင်စားမှု အမြင့်မားဆုံးနိုင်ငံဟု ဆိုရမည့် ဂျပန်နိုင်ငံသည် အိုဒီအေ ချေးငွေဖြင့် နှစ်နိုင်ငံသဘောတူညီမှု ရယူကာ သီလ၀ါ စီးပွားရေးဇုန်အတွင်း တည်ဆောက်ရေး လုပ်ငန်းများကို စတင်တော့မည်ဖြစ်သည်။
4.28.2
သီလ၀ါဆိပ်ကမ်း တစ်နေရာအား ၂၀၁၂ အောက်တိုဘာလ အတွင်းက တွေ့ရစဉ်

ထားဝယ်ရေနက်ဆိပ်ကမ်း စီးမံကိန်းအတွက် ထိုင်းနိုင်ငံအစိုးရပိုင်းနှင့် မြန်မာခေါင်းဆောင်တို့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည့် အချိန်တွင် ဂျပန်နိုင်ငံအနေဖြင့် သီလ၀ါစီမံကိန်းကို စတင်မှုအဖြစ် သီလ၀ါဆိပ်ကမ်းကို စတင်အကောင်အထည်ဖော် တည်ဆောက်တော့မည်ဖြစ်သည်။
သီလ၀ါတွင် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းပထမအဆင့် ဆောက်လုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဂျပန်နိုင်ငံသည် အထူးစီးပွားရေးဇုန် စီမံကိန်း တစ်ခုလုံးတွင် ပါဝင်သည့် လုပ်ငန်းများ အားလုံးကို ကာလရှည် အတိုးနှုန်းနိမ့် (ODA) ချေးငွေဖြင့် ကူညီရန် ကမ်းလှမ်းထားသည်။ သို့ဖြစ်၍ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ဂျပန်နိုင်ငံမှ ပထမအဆင့် အနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်းဖြင့် မြေကွက် အမှတ် ၂၅ နှင့် ၂၆ တွင် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းများအား စတင်သွားမည်ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့် ကျန်မြေကွက် ၂၃၊ ၂၄ အား ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။


တွက်ချက်မှုတွေအရ မြေကွက် ၂၅ ရဲ့ နောက်ခံ မြေပေါ်မှာ ကုန်သေတ္တာလွင်ပြင် တည်ဆောက်သွားမှာဖြစ်ပြီး မီတာ ၄၀၀ အရှည်ရှိတဲ့ ဆိပ်ခံတံတားကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်…
''ဂျပန်နိုင်ငံအနေနဲ့ သီလ၀ါမှာ မြေနေရာ ကွင်းဆင်းလေ့လာပြီး ဆိပ်ခံတံတားဆောက်ဖို့ တွက်ချက်မှုတွေ ပြီးသွားပါပြီ။ တွက်ချက်မှုတွေအရ မြေကွက် ၂၅ ရဲ့ နောက်ခံ မြေပေါ်မှာ ကုန်သေတ္တာလွင်ပြင် တည်ဆောက်သွားမှာဖြစ်ပြီး မီတာ ၄၀၀ အရှည်ရှိတဲ့ ဆိပ်ခံတံတားကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်'' ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားခဲ့သည်။
ပထမအဆင့် အနေဖြင့် တည်ဆောက်မည့် ဆိပ်ခံတံတားသည် ဘက်စုံသုံး ဆိပ်ခံတံတားဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ကုန်ကျမည်ဖြစ်သည်။ ယင်းပြင် အလျား ၇၀ မီတာ၊ အကျယ် ၂၀ မီတာရှိ ချဉ်းကပ်တံတား သုံးစင်း၊ ၁၇ ဟက်တာ အကျယ်အ၀န်းအား မြေသားပြုပြင်ခြင်း၊ ၁၄ ဟက်တာ အကျယ်အ၀န်း လွင်ပြင်နှင့် ရေမြောင်းစနစ် တည်ဆောက်ခြင်း၊ ကုန်သေတ္တာ ဆိပ်ကမ်းတွင် လိုအပ်မည့် အခြေခံ အဆောက်အုံများ၊ ကုန်သေတ္တာ ကိုင်တွယ်မည့် စက်ကိရိယာများ တပ်ဆင်ခြင်း လုပ်ငန်းများ ပါဝင်မည်ဟု သိရသည်။
ယင်းတည်ဆောက်ရေး လုပ်ငန်းများအား ၂၀၁၄ ခုနှစ် မေလတွင် စတင်ရန် လျာထားပြီး၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ယင်းသို့ ဂျပန်အိုဒီအေ ချေးငွေဖြင့် ဆိပ်ကမ်းတည်ဆောက်ရန် မြန်မာနိုင်ငံမှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ဂျပန်အစိုးရတို့သည် မေလအတွင်း Loan Agreement အား လက်မှတ်ရေးထိုး သွားမည်ဟု သိရသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြေကွက်အမှတ် ၂၂ မှ ၂၈ အထိ စုစုပေါင်း ခုနစ်ကွက်တွင် ဆိပ်ကမ်းများ တည်ဆောက်သွားမည် ဖြစ်သည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံသား ရင်းနှီးမြှုပ်နှံသူများမှ ၄၉ ရာခိုင်နှုန်းစီ အချိုးကျ ပါဝင်ပြီး နှစ်နိုင်ငံ အစိုးရများ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် စီမံကိန်းတစ်ခုဖြစ်ကာ လာမည့် ၂၀၁၅ ခုနှစ်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

0 comments:

Search Our Site