Ads

ကြော်ငြာ

Friday, April 12, 2013


အထူးသတိပြုရန်
သည်အပိုင်းမှာ ဖော်ပြထားတဲ့ ဆေးဝါးများကို မိမိသဘောနဲ့မိမိ သုံးစွဲတာမျိုးကို လုံးဝ မလုပ်စေချင်ပါဘူး။ ဘယ်ဆေးပဲဖြစ်ဖြစ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်/ကျန်းမာရေးဝန်ထမ်းများနဲ့ တိုင်ပင်ညှိနှိုင်းခြင်း မရှိဘဲ မိမိရဲ့ကိုယ်ခန္ဓာထဲကို အဝင် မခံသင့်ဘူးဆိုတာ အထူးပြောစရာမလိုတဲ့ အချက်ပါ။ သို့ပင်သို့ငြားလည်း ကျွန်တော်အပါအဝင် လူအများအပြားဟာ အားတိုးဆေး အထွေထွေမှသည် ခေါင်းကိုက်ပျောက်ဆေးအထိ ကိုယ့်သဘောနဲ့ ကိုယ်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က ဆွေမျိုးမိတ်သင်္ဂဟ (လူပြိန်း)များရဲ့ထောက်ခံချက်အရဖြစ်စေ ခပ်တည်တည်နဲ့သောက်ဖြစ် သုံးဖြစ်နေတတ်ပါတယ်။ အဲဒီ့ ကနေအကျင့်ပါပြီး အခု တင်ပြရာမှာ ဖော်ပြထားတဲ့ ဆေးဝါးတွေကိုလည်း မိမိသဘောနဲ့ မိမိသောက်သုံးလို့ တစ်စုံတစ်ရာ လွဲချော်သွားခဲ့မယ်ဆိုရင် စာရေးသူ ကျွန်တော်က တာဝန်ယူပေးမှာ၊ တာဝန်ခံပေးမှာ မဟုတ်ပါကြောင်း အတိအလင်း မြွက်ဟကြေညာ အပ်ပါတယ်။
ဖော်ပြထားတဲ့ ကုသမှုများဟာ “အမေရိကန် ပြည်ထောင်စု ရောဂါဘယများ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာနများ” ရဲ့ ၁၉၉၈ခုနှစ်က ထောက်ခံချက်များကို ယေဘုယျအားဖြင့် အခြေခံထားပါတယ်။
IMG_1766

ဂနိုးရီးယား ဆီးပူညောင်းကျရောဂါ ဖြစ်နေရင် / ဒါမှမဟုတ် ခလာမစ်ဒီးယားရောဂါ ဖြစ်နေရင် / ဒါမှမဟုတ် အဲဒီ့ရောဂါ နှစ်မျိုးစလုံး ဖြစ်နေရင် Gonorrhea and/or chlamydia

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

အမျိုးသမီးတွေမှာ –
  • ယောနိကနေ မူမမှန်တဲ့အရည်များ အရိအရွဲများ ထွက်နေနိုင်ပါတယ်။
  • ယောနိကနေ မူမမှန်တဲ့သွေးများ ထွက်နေနိုင်ပါတယ်။
  • ဝမ်းဗိုက်အောက်ပိုင်းမှာ နာကျင်နေနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက်မှာ ၄-၅-၁၀လလောက်အထိ ဘာရောဂါလက္ခဏာမှ မပြဘဲနဲ့ ဂနိုးရီးယား ကူးစက်ရောဂါဖြစ်စေ၊ ခလာမစ်ဒီးယားကူးစက်ရောဂါဖြစ်စေ ရှိနေနိုင်ပါတယ်။
အမျိုးသားတွေမှာ -
  • ဆီးသွားတဲ့အခါ နာကျင်နေပါလိမ့်မယ်။ (ဆီးသွားရမှာတောင်ကြောက်လာတဲ့အထိနာမယ်။)
  • ငယ်ပါထဲကနေ ပြည်တွေ ထွက်လာပါလိမ့်မယ်။
ယောက်ျားတွေမှာကျတော့ ရောဂါကူးစက်ခံရပြီး သိပ်မကြာခင်မှာပဲ ရောဂါလက္ခဏာတွေ ပြလာတတ် တယ်။
မကုသဘဲ ထားမယ်ဆိုရင် ဂနိုးရီးယားနဲ့ ခလာမစ်ဒီးယားကူးစက်ရောဂါများကြောင့် သားသမီး မထွန်းကားနိုင်တော့ဘဲ မြုံသွားတတ်ပါတယ်။ ရောဂါဖြစ်နေတဲ့ အမျိုးသမီးဟာ အဲဒီ့ရောဂါကို မကုဘဲထားပြီး ကလေးမွေးလိုက်မယ်ဆိုရင် ကလေးကိုပါ ကူးစက်နိုင်တဲ့အပြင် မွေးလာတဲ့ကလေးဟာလည်း မျက်မမြင်လေး ဖြစ်သွားတတ်ပါတယ်။

ကုသနည်း

ဖြစ်နိုင်မယ်ဆိုရင်တော့ အရင်ဆုံး ရောဂါရှာဖွေစစ်ဆေးရမှာပါ။ ဂနိုးရီးယား ရှိမရှိ စစ်တာတစ်ခုတည်းနဲ့ အလုပ်ဖြစ်ပါတယ်။ အဲလိုမှ စစ်ဆေးဖို့ မလွယ်ဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး။ သည်ရောဂါနှစ်မျိုးစလုံးကို တစ်ပြိုင်တည်း ကုသလို့ရပါတယ်။ ဆက်လက် ဖော်ပြထားတဲ့ နည်းလမ်းအထွေထွေထဲက တစ်နည်းနဲ့ ကုသမယ်ဆိုရင် ဖြစ်ပါတယ်။
ဂနိုးရီးယား ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)
  • Ciprofloxacin, 500 mg ဆေးပြားကို ပါးစပ်ကနေ တစ်ကြိမ်တည်း သောက်နိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေတော့ လုံးဝ မသောက်ရပါဘူး။)
  • Ceftriaxone, 125 mg  အသားထိုးဆေး (အကြောဆေးမဟုတ်တာကို ဆိုလိုပါတယ်)ကို တစ်ကြိမ်တည်း ထိုးနိုင်ပါတယ်။
  • Cefixime, 400 mg ကို ပါးစပ်ကနေ တစ်ကြိမ်တည်း သောက်နိုင်ပါတယ်။
  • Ofloxacin, 400 mg နဲazithromycin, 1 g  ဆေးပြားများကို တွဲပြီး ပါးစပ်ကနေ တစ်ကြိမ်တည်း သောက်နိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့ တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေတော့ လုံးဝ မသောက်ရပါဘူး။)
  • Spectinomycin, 2 g အသားထိုးဆေး (အကြောဆေးမဟုတ်တာကို ဆိုလိုပါတယ်)ကို တစ်ကြိမ်တည်း ထိုးနိုင်ပါတယ်။
အထက်မှာ ဖော်ပြတဲ့ဆေးတွေက တချို့နိုင်ငံတွေမှာ သည်ရောဂါကို မတိုးတော့ပါဘူး။ သည်ရောဂါအဖြစ်များသလို သည်ဆေးတွေ အသုံးများတဲ့အတွက် ရောဂါပိုးက ဆေးယဉ်သွားပြီး ရောဂါ မပျောက်နိုင်တော့ဘူးပေါ့။ အဲဒါဆိုရင် အောက်ပါကုသမှုနည်းလမ်းတွေထဲက တစ်မျိုးကို ရွေးချယ်နိုင်ပါတယ်။
  • Kanamycin, 2 g အသားထိုးဆေးကို တစ်ကြိမ်တည်း ထိုးနိုင်ပါတယ်။
  • Trimethoprim, 80mg/sulphamethoxazole, 400mg  ဆေးပြားကို ပါးစပ်ကနေ တစ်နေ့ ဆယ်ပြားနှုန်းနဲ့ သုံးရက်ဆက်တိုက် သောက်နိုင်ပါတယ်။
ကမ္ဘာ့နေရာအများအပြားမှာတော့ ဂနိုးရီးယားဆီးပူညောင်းကျ ရောဂါကို ပင်နီဆလင်နဲ့ တက်ထြာဆိုက်ကလင်း ဆေးဝါးတွေနဲ့တင် ထိထိရောက်ရောက် ကုလို့ မရနိုင်တော့ပါဘူး။ တစ်နည်းဆိုရရင် သည်ဆေးတွေက မတိုးတော့ပါဘူး။
အရေးကြီးတာကတော့ သည်ရောဂါဖြစ်နေသူဟာ ကုသမှုမပြီးဆုံးခင်၊ ရောဂါလက္ခဏာတွေ လုံးလုံးမပျောက်ခင် (ဝါ) ရောဂါအမြစ်မပြတ်ခင်မှာ ချစ်တင်းနှောတာကို လုံးဝ ရှောင်ကြဉ်သင့်သလို မိမိမှာ သည်ရောဂါဖြစ်နေတယ်ဆို ရင် မိမိရဲ့ အိမ်ထောင်ဖက်မှာပါ သည်ရောဂါဖြစ်နေဖို့ သေချာတာမို့ အိမ်ထောင်ဖက်ကိုပါ ကုသရမှာ ဖြစ်ကြောင်းပါပဲ။
ခလာမစ်ဒီးယားရောဂါ ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)
  • Azithromycin, 1 g  ဆေးပြားကို ပါးစပ်ကနေ တစ်ကြိမ်တည်း သောက်နိုင်ပါတယ်။ 
  • Doxycycline, 100mg  ဆေးပြားကို တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ ခုနစ်ရက် ဆက်တိုက်သောက်နိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့ တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေတော့ လုံးဝ မသောက်ရပါဘူး။)
  • တက်ထြာဆိုက်ကလင်း (Tetracycline, 500mg)ဆေးပြားကို တစ်နေ့ လေးကြိမ်နှုန်းနဲ့ ခုနစ်ရက်ဆက်တိုက်သောက်နိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက် ကျွေးနေတဲ့ အမျိုးသမီးတွေတော့ လုံးဝ မသောက်ရပါ ဘူး။)
ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေဆိုရင်
  • အမော့ဆစ်စစ်လင် (Amoxicillin, 500mg)ဆေးပြားကို တစ်နေ့ သုံးကြိမ်နှုန်းနဲ့ ခုနစ်ရက် ဆက်တိုက် သောက်နိုင်ပါတယ်။
  • Erythromyin, 500mg ဆေးပြားကို တစ်နေ့လေးကြိမ်နှုန်းနဲ့ ခုနစ်ရက် ဆက်တိုက် သောက်နိုင်ပါတယ်။
သည်မှာလည်းပဲ ဆေးသောက်တဲ့နေ့ကနေ စတင်ရေတွက်ရင် ခုနစ်ရက်တိတိကာလအတွင်းမှာ ချစ်တင်းနှောတာကို ရှောင်ကြဉ်ရပါလိမ့်မယ်။ အလား တူပဲ၊ မိမိရဲ့ အိမ်ထောင်ဖက်ကိုလည်း ကုသမှု ခံယူစေသင့်ပြန်ပါတယ်။

ထြိုင်ခိုမိုနစ်ယားဆစ်(စ်) Trichomoniasis

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

အမျိုးသမီးတွေမှာ
  • ယောနိမှာ ပူစပ်ပူလောင်ဖြစ်ပြီး ယားယံနေပါလိမ့်မယ်။
  • ယောနိကနေ အမြှုပ်ပါပြီး စိမ်းဝါရောင်သန်းကာ အနံ့ဆိုးလှတဲ့ အရည်တွေ ထွက်လာပါလိမ့် မယ်။
  • ဆီးသွားတဲ့အခါမှာ နာကျင်ရင်လည်း နာကျင်နေမယ်၊ ဒါမှမဟုတ် တအားလည်း ပူချင် ပူနေလိမ့်မယ်။
အမျိုးသားတွေမှာ –
  • ငယ်ပါကနေ အဖြူရောင် အရည်ကျဲတွေ ထွက်လာပါလိမ့်မယ်။
  • ဆီးသွားတဲ့အခါမှာ နာကျင်ရင်လည်း နာကျင်နေမယ်၊ ဒါမှမဟုတ် တအားလည်း ပူချင် ပူနေလိမ့်မယ်။

ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)

  • မက်ထြိုနီဒါဇော(လ်) (Metronidazole, 2g) ဆေးပြားကို ပါးစပ်ကနေ တစ်ကြိမ်တည်း သောက်နိုင်ပါတယ်။
  • မက်ထြိုနီဒါဇော(လ်) (Metronidazole, 500 mg) ဆေးပြားဆိုရင်တော့ ပါးစပ်ကနေ တစ်နေ့နှစ်ကြိမ်နှုန်းနဲ့ ခုနစ်ရက် သောက်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန် လေးလမကျော်ခင်မှာ မက်ထြိုနီဒါဇော(လ်)ဆေးပြားများကို လုံးဝ မသောက်သုံးသင့်ပါဘူး။
နောက်တစ်ချက်က မက်ထြိုနီဒါဇော(လ်)ဆေးသောက်နေချိန်မှာ အရက် သေစာကို ရှောင်ကြဉ်သင့်ပါတယ်။ မူးမော် အော့အန်တာများဖြစ်စေနိုင်လို့ပါ။ သည်ရောဂါမှာလည်း မိမိရဲ့အိမ်ထောင်ဖက်ပါ ကုသမှု ခံယူဖို့ လိုအပ်သလို နှစ်ယောက်စလုံးမှာ သည်ရောဂါလက္ခဏာတွေ လုံးဝမရှိတော့ချိန်အထိ ချစ် တင်းနှောတာကို ရှောင်ကြဉ်ရပါလိမ့်မယ်။

ခယ်(န်)ဒါ ဒစ်ယားဆစ်(စ်) Candadiasis

လိင်မှတစ်ဆင့် ကူးစက်ခဲလှတဲ့ ရောဂါပါ။ လိင်အင်္ဂါတွေမှာ အဖြစ်များတဲ့ ကူးစက်ရောဂါပါပဲ။

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

အမျိုးသမီးတွေမှာ -
  • ယောနိမှာ အပြင်းအထန် ပူစပ်ပူလောင်ဖြစ်ပြီး ယားယံနေပါလိမ့်မယ်။
  • ယောနိအတွင်းနဲ့ ယောနိပတ်ဝန်းကျင်မှာ အဖတ်အဖတ်တွေနဲ့ အဖြူရောင်အရည်တွေ တွေ့လာရပါလိမ့်မယ်။
အမျိုသားတွေမှာ -
  • လိင်အင်္ဂါများယားယံပါလိမ့်မယ်။
  • (ရဟူဒီနည်းနဲ့ ရှင်ပြုမထားဘူးဆိုရင်) ထိပ်ငုံအရေပြားအောက်မှာ အဖြူရောင်အရည်တွေတွေ့ ရပါလိမ့်မယ်။

ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)

အမျိုးသမီးများအတွက်
  • Nystatin, 100,000 unit  ဆေးတောင့်ကို တစ်နေ့ တစ်ကြိမ်နှုန်းနဲ့ ၁၄ ရက်တိုင်တိုင် ယောနိထဲကို ထည့်သွင်းရပါမယ်။
  • Miconazole, 200 mg စအို/ယောနိသွင်းဆေးတောင့်ကို တစ်နေ့ တစ်ကြိမ်နှုန်းနဲ့ ၃ ရက်တိုင်တိုင် ယောနိထဲကို ထည့်သွင်းရပါမယ်။ ဒါမှမဟုတ် 100 mg ဆေးတောင့်ဆိုရင် ခုနစ်ရက်တိုင်တိုင် ထည့်သွင်းရမှာပါ။
  • Clotrimazole, 500 mg ဆေးတောင့်ကို ယောနိထဲကို တစ်ကြိမ်တည်း ထည့်သွင်းရပါမယ်။ ဒါမှမဟုတ် 100 mg ဆေးတောင့်ဆိုရင် တစ်နေ့ တစ်ကြိမ်နှုန်းနဲ့ ခုနစ်ရက်တိုင်တိုင် ထည့်သွင်းနိုင်ပါတယ်၊ တစ်နေ့တစ်ကြိမ်aပမယ့် တစ်ကြိမ်မှာ 100 mg ဆေးတောင့်နှစ်တောင့်နှုန်း ထည့်သွင်းမယ် ဆိုရင်တော့ သုံးရက်သာ ထည့်သွင်းလို့ရပါတယ်။
အမျိုးသားများအတွက် 
  • à ခရီ(မ်)အနေနဲ့ဖြစ်စေ၊ ဆီပါတဲ့လိမ်းဆေးအနေနဲ့ဖြစ်စေ ရရှိနိုင်တဲ့ Nystatin ဒါမှမဟုတ် Miconazole  ဒါမှမဟုတ် Clotrimazole  လိမ်းဆေးတစ်ခုခုကို ရောဂါဖြစ်နေတဲ့ နေရာမှာ တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ ခုနစ်ရက် လူးနိုင်ပါတယ်။

ဆစ်ဖစ်လစ် Syphilis

  • ငယ်ပါ၊ ယောနိ၊ ဒါမှမဟုတ် စအိုမှာ တစ်စက်ကလေးမှ မနာမကျင်တဲ့ အနာဖြစ်နေပါမယ်။ အဲဒီ့အနာက သိပ်တောင် မကြာလိုက်ဘူး၊ ဘာဆေးနဲ့မှ မကုဘဲ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ အမျိုးသမီးတွေဆို သတိတောင် ထားလိုက်မိချင်မှ ထားလိုက်မိနိုင်တယ်။ အနာပျောက် သွားပေမယ့် ရောဂါကတော့ တစ်ကိုယ်လုံးကို ဆက်လက် ပျံ့နှံ့နေပါတယ်။
  • အဲဒီ့နောက် ရက်သတ္တပတ် များစွာဖြစ်စေ၊ လများစွာဖြစ်စေ ကြာလာတဲ့အခါမှာတော့
                     -  လည်ချောင်း နာလာမယ်၊
                     -  အရေပြားပေါ်မှာ အဖုအပိမ့်တွေ၊ အနီကွက်တွေ ထလာမယ်၊
                     -  အဖျားလည်း နည်းနည်းရှိလာပါလိမ့်မယ်။
အဲဒီ့ရောဂါလက္ခဏာတွေကလည်း ဘာမှ မကုဘဲနဲ့ကို သူ့အလိုလို ပျောက်သွားနိုင်ပြန်တယ်။ မကုဘဲ ထားမယ်ဆိုရင် ဆစ်ဖလစ်ရောဂါဟာ နှလုံးရောဂါ၊ သွက်ချာပါဒရောဂါ၊ စိတ်ဖောက်ပြန်တဲ့ ရောဂါများသာမကဘဲ အသက်ဆုံးရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေမှာ သည်ရောဂါ ရှိနေမယ်ဆိုရင်လည်း သန္ဓေသားဆီကို မီးမဖွားခင်ကတည်းက ကူးစက်စေနိုင်ပါတယ်။

နှစ်နှစ် မကျော်သေးဘဲ ဖြစ်ခါစနဲ့ ငုပ်နေ၊ အောင်းနေတဲ့ ဆစ်ဖလစ်ရောဂါများ(primary, secondary, or latent syphilis) အတွက်ဆိုရင် (တစ်မျိုးကိုသာ ရွေးချယ်ပါ)

ပင်နီဆလင်ဆေးဝါးနဲ့ တည့်သူများအတွက်
  • စုစုပေါင်း 2.4 million units  ရှိတဲ့ Benzathine penicillin G  အသားဆေးကို ဆေးခန်းတစ်ခါသွားရင် တင်ပါးတစ်ဖက်တစ်ချက်စီမှာ တစ်ဖက် တစ်လုံးနှုန်းနဲ့ ထိုးရပါမယ်။
  • 1.2 million units ရှိတဲ့ Aqueous procane penicillin G အသားဆေးကို တစ်နေ့တစ်ကြိမ်နှုန်းနဲ့ ဆယ်ရက် ဆက်တိုက်ထိုးရပါမယ်။
ပင်နီဆလင်နဲ့ မတည့်သူများအတွက် (အမျိုးသားများနဲ့ ကိုယ်ဝန်ဆောင်မိခင် မဟုတ်သူများအတွက်သာ)
  • Doxycycline, 100 mg  ဆေးပြားကို တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ ၁၄ ရက် ဆက်တိုက်သောက်ရပါမယ်။ 
  • တက်ထြာဆိုက်ကလင်း (Tetracycline, 500 mg)ဆေးပြားကို တစ်နေ့ လေးကြိမ်နှုန်းနဲ့ ၁၄ ရက် ဆက်တိုက်သောက်ရပါမယ်။
ပင်နီဆလင်နဲ့ မတည့်သူများအတွက် (ကိုယ်ဝန်ဆောင်မိခင်များသာ)
  • Erythromyin, 500 mg  ဆေးပြားကို တစ်နေ့လေးကြိမ်နှုန်းနဲ့ ပါးစပ်ကနေ ၁၄ ရက် ဆက်တိုက်သောက်ရပါမယ်။ သိပ်တော့ မထိရောက်လှပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်မှာ ဆစ်ဖလစ်ရောဂါရှိနေရင် မီးဖွားပြီးတဲ့အခါ ကလေးငယ်မှာပါ ဝမ်းတွင်းပါ ဆစ်ဖလစ်ရောဂါ ရှိနေတော့မှာမို့ အဲဒီ့ မွေးကင်းစလေးကိုပါ ဆေးခန်းမှာပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
သည်မှာလည်းပဲ လင်မှာ ဖြစ်နေရင် မယားမှာ ဖြစ်နေဖို့ သေချာနေတာမို့ လင်ရောမယားပါ နှစ်ယောက်စလုံး ကုသမှု ခံယူရမှာပါပဲ။

အောင်းနေတာကြာပြီဖြစ်တဲ့ ဆစ်ဖလစ်၊ ဒါမှမဟုတ် ဖြစ်နေတာ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့တဲ့ ဆစ်ဖလစ်ရောဂါကို ကုသဖို့ဆိုရင် 

ပင်နီဆလင်ဆေးဝါးနဲ့ တည့်သူများအတွက်
  • စုစုပေါင်း 7.2 million units ရှိတဲ့ Benzathine penicillin G အသားဆေးကို တစ်ခါထိုးရင် 2.4 million units နှုန်းနဲ့ တစ်ပတ်ခြား တစ်ခါ သုံးကြိမ် ထိုးရပါမယ်။
ပင်နီဆလင်နဲ့ မတည့်သူများအတွက် (အမျိုးသားများနဲ့ ကိုယ်ဝန်ဆောင်မိခင် မဟုတ်သူများအတွက်သာ)
  • ရောဂါဖြစ်တာ နှစ်နှစ်မကျော်သေးတဲ့သူတွေ သောက်တဲ့ ဆေးနှစ်မျိုးအနက်က တစ်ခုခုကို သောက်ရမှာပါ။ ဒါပေမယ့် ၁၄ ရက်နဲ့တော့ မရတော့ပါဘူး။ လေးပတ် (၂၈ ရက်) သောက်ရတော့မှာ ဖြစ်ပါတယ်။
ပင်နီဆလင်နဲ့ မတည့်သူများအတွက် (ကိုယ်ဝန်ဆောင်မိခင်များသာ)
  • သည်မှာလည်း ရောဂါဖြစ်တာ နှစ်နှစ်မကျော်သေးတဲ့သူတွေ သောက်တဲ့ ဆေးကိပဲ သောက်ရမှာပါ။ ဒါလည်းပဲ ၁၄ ရက်နဲ့တော့ မရတော့ပါဘူး။ လေးပတ် (၂၈ ရက်) သောက်ရတော့မှာ ဖြစ်ပါတယ်။

ဝမ်းတွင်းပါ ဆစ်ဖလစ်ရောဂါကို ကုသဖို့ဆိုရင် (တစ်မျိုးကိုသာ ရွေးချယ်ပါ)

  • ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ကို procane penicillin G အသားဆေး 50,000 units  နှုန်းနဲ့တွက်ချက်ပြီး တစ်နေ့တစ်ကြိမ်၊ စုစုပေါင်း ဆယ်ရက်တိုင် ထိုးပေးရပါမယ်။
  • Aqueous crystalline penicillin G  အကြောဆေးကို ကိုယ်အလေးချိန် တစ်ကီလိုဂရမ်ဆို 100,000 မှ 150,000 units  နှုန်းနဲ့ တွက်ချက်ပြီး မွေးပြီးစ ပထမ ခုနစ်ရက်တာအတွင်းမှာ တစ်ကြိမ်ထိုးရင် 50,000 units/kg အားဖြင့် ၁၂ နာရီခြား တစ်ခါ ထိုးပေးရမှာဖြစ်ပြီး အဲဒီ့ခုနစ်ရက်ကျော်တဲ့အခါ ၈ နာရီခြား တစ်ခါနှုန်းနဲ့ သုံးရက်ဆက်တိုက် ဆက်ထိုးပေးရမှာဖြစ်ပါတယ်။
ဆေးထိုး၊ ဆေးသောက်ဖို့ တစ်ရက်မက ပျက်ကွက်သွားတယ်ဆိုရင်တော့ အစကနေအဆုံးထိ ပြန်သောက်/ပြန်ထိုးရမှာဖြစ်ပါတယ်။ ဆိုလိုတာက ဆေးကို ၁၄ ရက် သောက်ရမယ်ဆိုပါစို့။ ၁၂ ရက်အထိ မှန်မှန်သောက်လာပြီးမှ ၁၃ ရက်မြောက်တဲ့နေ့မှာ ဆေးသောက်ဖို့ မေ့သွားတယ်၊ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် မသောက်ဖြစ်ခဲ့ဘူး။ ၁၄ ရက်၊ ၁၅ ရက်မြောက်တဲ့နေ့ကျတော့မှ ဆေးသောက်ဖို့ ပြန်သတိရပြီး သောက်မယ်ဆိုရင် အဲဒီ့နေ့ကစပြီး ၁၄ ရက်တိတိ မပျက်မကွက် ပြန်သောက်ဖို့ လိုအပ်တယ်လို့ ပြောတာပါ။ ဒါမှ ဆေးပတ်လည်ပြီး ရောဂါလည်း အမြစ်ပြတ်မှာကို အထူး သတိထားကြဖို့ လိုပါတယ်။

ခယ်(န်)ခရွိုက်(ထ်) Chancroid

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

  • ငယ်ပါ၊ ယောနိ၊ ဒါမှမဟုတ် စအိုမှာ နာကျင်တဲ့ အနာနုနုဖြစ်နေပါလိမ့်မယ်။
  • ပေါင်ခြံက သွေးကြောတွေမှာ ပြည်တည်နာဖြစ်ကာ ရောင်ရမ်းနေပြီး ပြည်ထွက်ဖို့ ပွင့်ထွက် လာမယ်။ ပြီးရင် အမာရွတ်ကျန်ရစ်ခဲ့ပါလိမ့်မယ်။
အမျိုးသမီးတွေမှာ သည်ရောဂါလက္ခဏာတွေ ပေါ်ချင်မှ ပေါ်တတ်တယ်။ ဒါမှမဟုတ် ပေါ်တယ် ဆိုဦးတောင်မှ သတိထားလိုက်မိဖို့ ခက်ချင်တယ်။ သို့သော် ရောဂါကတော့ ရှိနေနိုင်တာပဲ။

ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)

  • Azithromycin, 1 g  ဆေးပြားကို ပါးစပ်ကနေ တစ်ကြိမ်တည်း သောက်နိုင်ပါတယ်။
  • Ceftriaxone, 250 mg အသားထိုးဆေး (အကြောဆေးမဟုတ်တာကို ဆိုလိုပါတယ်) ကို တစ်ကြိမ်တည်း ထိုးနိုင်ပါတယ်။
  • Erythromyin, 500 mg ဆေးပြားကို တစ်နေ့လေးကြိမ်နှုန်းနဲ့ ပါးစပ်ကနေ ခုနစ်ရက် ဆက်တိုက်သောက်ရပါမယ်။ 
  • Ciprofloxacin, 500 mg ဆေးပြားကို ပါးစပ်ကနေ တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ သုံးရက်ဆက်တိုက်သောက်နိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ၊ အသက် ၁၈နှစ်အောက်တွေ တော့ သည်ဆေးကို လုံးဝမသောက်ရပါဘူး။)
  • Trimethoprim, 80mg/sulphamethoxazole, 400 mg ဆေးပြားကို ပါးစပ်ကနေ တစ်နေ့နှစ်ပြားနှုန်းနဲ့ ခုနစ်ရက်ဆက်တိုက်သောက်နိုင်ပါတယ်။ [ခယ်(န်)ခရွိုက်(ထ်)ရောဂါအတွက် သည်ဆေးက အမှန်တကယ် ထိရောက်ကြောင်း သက်သေအထောက်အထားရှိတဲ့အပြင် အဲဒီ့ဆေးရဲ့ ထိရောက်မှုကို ကျကျနန မပြတ်မလတ်စောင့်ကြည့်ကြပ်မတ်နေတဲ့ ဒေသများမှာသာ သည်ဆေးကို သုံးစွဲသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေသူများ သည်ဆေးကို လုံးဝမသောက်ရပါဘူး]
မိမိရဲ့အိမ်ထောင်ဖက်မှာလည်း သည်ရောဂါ လက္ခဏာလုံးဝမပြဘဲရှိနေတယ်ဆိုဦးတောင်မှ ကိုယ့်မှာ သည်ရောဂါလက္ခဏာတွေ စတင် ပေါ်ပေါက်လာချိန်မတိုင်ခင် ဆယ်ရက်အတွင်းမှာ ကိုယ့်အိမ်ထောင်ဖက်နဲ့ ချစ်တင်းနှောခဲ့သေးတယ်ဆိုရင်၊ ဒါမှမဟုတ် ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာပြီးတဲ့နောက်မှာ ချစ်တင်းနှောခဲ့သေးတယ်ဆိုရင်တော့ သူ့လည်း ကုသမှု ခံယူသင့်လှကြောင်းပါ။

လင်ဖှိုဂရယ်နျူလိုမာ ဗှနီရစ်ယမ် Lymphogranuloma venereum

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

ဖြစ်ခါစမှာ -
  • ပေါင်ခြံက သွေးကြောတွေမှာ ပြည်တည်နာဖြစ်ကာ ရောင်ရမ်းနေပြီး ပြည်ထွက်လို့ ပွင့်ထွက်လာ မယ်၊ ပြည်လည်း ထွက်လာမယ်။ သည်လက္ခဏာက အမျိုးသားတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာ အတွေ့ရနည်းတယ်။
  • စအိုတဝိုက်မှာ နာကျင်ပြီး အရည်တစို့စို့ရှိနေတဲ့ အနာတွေဖြစ်လာမယ်။ သည်လက္ခဏာက အမျိုးသမီးတွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာ အတွေ့ရနည်းပြန်တယ်။
နောက်ပိုင်းမှာ –
  • လိင်အင်္ဂါတွေ ရောင်ကိုင်းကြီးထွားလာမယ်။ စအိုတဝိုက်မှာ ပြည်တည်နာတွေဖြစ်လာမယ်။ စအိုလမ်းကြောင်း ကျဉ်းလာမယ်။

ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)

  • Doxycycline, 100 mg  ဆေးပြားကို တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ ၂၁ ရက် ဆက်တိုက်သောက်ရပါမယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ သည်ဆေးကို လုံးဝမသောက်ရပါဘူး။)
  • Erythromyin, 500 mg  ဆေးပြားကို တစ်နေ့လေးကြိမ်နှုန်းနဲ့ ပါးစပ်ကနေ ၂၁ ရက် ဆက်တိုက်သောက်ရပါမယ်။ 
  • တက်ထြာဆိုက်ကလင်း (ွှTetracycline, 500mg)ဆေးပြားကို တစ်နေ့ လေးကြိမ်နှုန်းနဲ့ ၁၄ ရက် ဆက်တိုက်သောက်ရပါမယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ သည်ဆေးကို လုံးဝ မသောက်ရပါဘူး။)
မိမိအိမ်ထောင်ဖက်မှာလည်း သည်ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးပြီး ကုသမှု ခံယူထိုက်ပါတယ်။

လိင်အင်္ဂါမှာ ပေါက်တဲ့ ရေယုန် Genital Herpes

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

  • ယောနိတဝိုက်မှာဖြစ်စေ၊ ငယ်ပါပေါ်မှာဖြစ်စေ၊ စအိုတဝိုက်မှာဖြစ်စေ အရည်ကြည်ဖုလေး တစ်ဖုဖြစ်စေ၊ တစ်ဖုထက်ပိုပြီးဖြစ်စေ ပေါက်လာပြီး နာကျင်မယ်။
  • အရည်ကြည်ဖုတွေ ပေါက်ထွက်ကုန်ပြီး ခြောက်သွေ့ကာ အနာဖေးတက်လာမယ်။ ပထမဆုံး စတင်ဖြစ်တဲ့အခါ အနာက သုံးပတ်၊ ဒါမှမဟုတ် အဲဒီ့ထက်ပိုပြီး ကြာနေတတ်တယ်။ ပြီးရင် တော့ သူ့အလိုလို ပျောက်သွားရော။
  • ဗှိုင်းရပ်(စ်)ပိုးက ကိုယ်ထဲမှာ ခိုအောင်းနေပြီမို့ အရည်ကြည်ဖုအသစ်တွေ မကြာမကြာ ထွက် ထွက်လာတော့မယ်။ ပထမဆုံး စဖြစ်တုန်းကလောက် ရက်မကြာတော့ဘဲ ပျောက်ပျောက်သွားမယ်။

ကုသဖို့

ဘာကိုမှ မပြောခင် အရည်ကြည်ဖုတွေ ပေါက်နေဆဲကာလမှာ အဲဒီ့လူတွေအနေနဲ့ ဘယ်သူနဲ့မှ ချစ်တင်းမနှောသင့်ပါဘူး။ ကွန်ဒုံးသုံးပြီးတော့တောင် ချစ်တင်းနှောတာမျိုးကို ရှောင်ကြဉ်ရပါလိမ့်မယ်။ ရေယုန်ဖြစ်စေနိုင်တဲ့ ဗှိုင်းရပ်(စ်)ပိုးဟာ ဘာအရည်ကြည်ဖုမှ မထွက်ဘဲနဲ့လည်း ကိုယ်တွင်းမှာ ရှိနေနိုင်ပါတယ်။ အဲလိုဆိုရင်တော့ ကွန်ဒုံးသုံးတာဟာ အထောက်အပံ့ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
ပြောရရင်တော့ သိပ်မကောင်းဘူး။ သည်ရေယုန်ကို ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးရယ်လို့ တစ်ခုမှ မရှိပါဘူး။ အဲဒီ့ရေယုန်ပေါက်နေတဲ့နေရာကို သန့်ရှင်း စင်ကြယ်အောင် ဂရုတစိုက် လုပ်ရမယ်၊ ပြီးရင် ပွန်းပဲ့တာတွေကို မထိမိ မကိုင်မိအောင် ရှောင်ကြဉ်ရပါမယ်။ ပွန်းတာပဲ့တာ ရှိနေရင် ပဋိဇီဝ လိမ်းဆေးတွေက အထောက်အပံ့ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။
ဖြစ်ခါစမှာ ကုသမှုခံယူမယ်ဆိုရင်တော့ ဝေဒနာကို သိပ်ကြာကြာခံစားရမှာ မဟုတ်ပါဘူး။ ရောဂါလက္ခဏာပြပြီး အတော်လေးကြာတော့မှ ကုသမှုခံယူမယ်ဆိုရင်တော့ ထိရောက်ချင်မှ ထိရောက်နိုင်ပါတယ်။
ပထမဆုံး စပေါက်ချိန်မှာ Acyclovir, 200 mg ကို ပါးစပ်ကနေ တစ်နေ့ ငါးကြိမ်နှုန်းနဲ့ ဆယ်ရက်တိုင်တိုင်ဖြစ်စေ၊ 400 mg ဆိုရင် တစ်နေ့ သုံးကြိမ်နှုန်းနဲ့ ခုနစ်ရက်မှ ဆယ်ရက်အတွင်းဖြစ်စေ၊ သောက်သုံးရပါမယ်။
အရည်ကြည်ဖုတွေ နောက်ထပ် အကြိမ်ကြိမ် ထွက်နေသေးတယ်ဆိုရင်တော့ Acyclovir, 200 mg ကို ပါးစပ်ကနေ တစ်နေ့ ငါးကြိမ်နှုန်းနဲ့ ငါးရက် သောက်ရမှာပါ။ တကယ်လို့ တစ်နှစ်အတွင်းမှာ အဲလို ရေယုန်ပေါက်တာ ခြောက်ကြိမ်ထက် ပိုနေတယ်ဆိုရင်တော့ Acyclovir, 200mg ကို တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ တစ်နှစ်တိတိ ဆွဲသောက်ရပါလိမ့်မယ်။
အိမ်ထောင်ဖက်ကိုလည်း သည်ရောဂါရှိနေမနေ မေးမြန်းစူးစမ်းပြီး လိုအပ်ရင် ကုသမှုခံယူသင့်ပါတယ်။
ရေယုန်ပေါက်နေတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက်ဆီကနေ မီးဖွားချိန်မှာ ကလေးဆီကိုပါ သည်ရောဂါ ကူးသွားနိုင်ပါတယ်။ ဒါဟာ ကလေးအတွက် အင်မတန့်ကို အန္တရာယ်များလှတာမို့ ကုသမှုခံယူဖို့ လိုပါတယ်ခင်ဗျား။
ဆိုင်မဆိုင်တော့ မသိဘူး။ ကျွန်တော်လည်း လိင်အင်္ဂါမှာတော့ ရေယုန် မပေါက်ဖူးဘူး။ ဒါက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါမို့ အဲဒါမျိုး မပေါက်ဖူးတာလို့ ပြောနိုင်ပါလိမ့်မယ်။
သို့သော် ကိုယ်ခန္ဓာမှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ရေယုန် သုံးခါ ပေါက်ဖူးတယ်။ တံတောင်ဆစ်နဲ့ လက်မောင်းနေရာတွေမှာပါ။ ကြိတ်မှန်ရွက် ပွတ်ရတယ်တို့၊ ပက်(ပ်)ဆိုးဒင့် သွားတိုက်ဆေး လူးရတယ်တို့ လူတွေက ပြောကြပေမယ့် ကျွန်တော်ကတော့ ရေမန်း မန်းတတ်တဲ့သူဆီကို သုံးကြိမ်စလုံးမှာ ရောက်သွားဖူးတယ်။
အံ့ဩစရာပါ ခင်ဗျာ။ အဲဒီ့ မန်းတတ်တဲ့သူက ရွတ်ဖတ်ပြီး သူ ဘုရားကပ်ထားတဲ့ ရေခွက်ထဲက ရေစက်လေးတွေနဲ့ ပေါက်နေတဲ့ရေယုန်ကို တစ်စက်နှစ်စက် ဖျန်းလိုက်ပါတယ်။ အဲဒီ့နောက် တစ်ရက်အကြာမှာ အဲဒီ့ ရေယုန်တွေလည်း လုံးဝ ချပ်သွားပြီး အကင်းပြတ်သွားတာ ကိုယ်တွေ့ ကြုံဖူးတယ်ခင်ဗျ။
ဒါက သာမန် ရိုးရိုးပေါက်တဲ့ ရေယုန်ပါ။ အဲဒီ့နည်းက လိင်မှတစ်ဆင့် ကူးစက်တဲ့ ရေယုန်အတွက် ထိရောက်မှု ရှိမရှိတော့ မသိပါဘူး။ ဒါပေမယ့် ရေယုန်ဆိုလို့ ကိုယ်တွေ့ကြုံဖူးတာလေးကို မလိုလည်း၊ လိုလည်း ထည့်ရေးလိုက် တာပါ။ သိပ္ပံညာနဲ့တော့ ဘယ်နည်းနဲ့မှ ရှင်းလို့ရမှာ မဟုတ်ပါဘူး။ သို့သော် ချက်ချင်းပျောက်ကင်းသွားတာ ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ကြုံဖူးတာလည်း အမှန်ပါခင်ဗျား။

ပေါင်ခြံမှာအကြောရောင်တဲ့ရောဂါ (ဝါ) ဒိုနာဗှနိုးဆစ်(စ်) Granuloma inguinale (Donovanosis)

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

  • လိင်အင်္ဂါတဝိုက်က အရေပြားအောက်၊ အများအားဖြင့် ယောကျာ်းတွေမှာဆိုရင် ကပ္ပာယ်အိတ် နဲ့ ပေါင်ခြံကြား၊ အမျိုးသမီးတွေမှာဆိုရင် ယောနိနှုတ်ခမ်းနဲ့ ပေါင်ခြံကြား အရေပြားအောက် မှာ အဖုတွေပေါက်လာပါလိမ့်မယ်။
  • အဖုတွေ ကြီးလာပြီး ပြည်တည်နာအဖြစ် ကွဲထွက်လာမယ်။
  • အဲဒီ့ပြည်တည်နာတွေက နာကျင်မှုတော့ မရှိဘူး၊ သို့ပေမယ့် ထိလိုက်ရင်တော့ သွေးထွက်လာပါ လိမ့်မယ်။
  • မကုဘဲထားမယ်ဆိုရင် လိင်အင်္ဂါတွေ လုံးဝ ပျက်စီးသွားနိုင်ပါတယ်။

ကုသဖို့ (တစ်မျိုးကိုသာ ရွေးချယ်ပါ)

  • Trimethoprim, 80mg/sulphamethoxazole, 400 mg  ဆေးပြားကို ပါးစပ်ကနေ တစ်ခါသောက် နှစ်ပြား၊ တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ အနည်းဆုံး ၂၁ ရက်၊ ဒါမှမဟုတ် အနာတွေ ပျောက်တဲ့အထိ ဆက်တိုက် သောက်နိုင်ပါတယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ သည်ဆေးကို လုံးဝ မသောက်ရပါဘူး။)
  • တက်ထြာဆိုက်ကလင်း (ွှTetracycline, 500 mg)ဆေးပြားကို တစ်နေ့ လေးကြိမ်နှုန်းနဲ့ အနည်းဆုံး ၁၄ ရက်၊ ဒါမှမဟုတ် အနာတွေ ပျောက်တဲ့အထိ ဆက်တိုက်သောက်ရပါမယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက် ကျွေးနေတဲ့ အမျိုးသမီးတွေ သည်ဆေးကို လုံးဝ မသောက်ရပါဘူး။)
  • Doxycycline, 100 mg  ဆေးပြားကို တစ်နေ့ နှစ်ကြိမ်နှုန်းနဲ့ အနည်းဆုံး၂၁ ရက်၊ ဒါမှမဟုတ် အနာတွေ ပျောက်တဲ့အထိ ဆက်တိုက်သောက်ရပါမယ်။ (ကိုယ်ဝန်ဆောင်တွေနဲ့ မိခင်နို့တိုက်ကျွေးနေတဲ့ အမျိုးသမီးတွေ သည်ဆေးကို လုံးဝမသောက်ရပါဘူး။)
  • Erythromyin, 500mg ဆေးပြားကို တစ်နေ့လေးကြိမ်နှုန်းနဲ့ ပါးစပ်ကနေ အနည်းဆုံး၂၁ ရက်၊ ဒါမှမဟုတ် အနာတွေပျောက်တဲ့အထိ ဆက်တိုက် သောက်ရပါမယ်။ 
ကိုယ့်အိမ်ထောင်ဖက်မှာလည်း သည်ရောဂါလက္ခဏာတွေ ရှိနေမယ်ဆိုရင် အလားတူ ကုသမှု ခံယူရမှာပါ။

လိင်အဂ်ါမှာဖြစ်တဲ့ ပါပီလိုမာ ဗှိုင်းရပ်(စ်)Genital Human Papillomavirus – HPV

ဗှိုင်းရပ်(စ်)ပိုးကြောင့် ဖြစ်ပွားပါတယ်။ သည်ရောဂါမျိုးကွဲတချို့ကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်တယ်။

ဖြစ်နေတတ်တဲ့ ရောဂါလက္ခဏာ

  • ငယ်ပါ၊ ယောနိ၊ ဒါမှမဟုတ် စအိုပေါ်မှာဖြစ်စေ၊ အဲဒါတွေ အနားတဝိုက်မှာဖြစ်စေ ကြွက်နို့လို အသားမာဖုတွေ ထွက်လာမယ်။ ထင်ထင်ရှားရှား ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါမှမဟုတ် သတိမထားမိနိုင်လောက်အောင် သေးငယ်နေနိုင်တယ်။
ပျောက်ကင်းအောင် ကုသနိုင်တဲ့ ဆေးဝါးရယ်လို့ တစ်ခုမှ မရှိပါဘူး။ လူမြင် တင့်တယ်အောင် ဓာတုနည်းနဲ့ဖြစ်စေ၊ ခွဲစိတ်တဲ့နည်းနဲ့ဖြစ်စေတော့ လုပ်ယူလို့ ရပါတယ်။ တကယ်လို့ အဲဒီ့ကြွက်နို့တွေ ပွားတာ သိပ်မြန်လွန်းနေတယ်ဆိုရင်တော့ အိပ်(ခ်ျ)အိုင်ဗှီပိုး ရှိမရှိ စစ်ဆေးသင့်ပါပြီ။
ဆ၇ာအတ္တကျော်

0 comments:

Search Our Site