Ads

ကြော်ငြာ

Wednesday, May 22, 2013

Posted by ဆူးအေမီ on 9:22 PM in | No comments



ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးအရှေ့ ရပ်ကွက်ရှိ အများပြည်သူ အမှိုက်စွန့်ပစ်ရန် ချထားပေးသည့် စည်ပင်အမှိုက်ပုံး အတွင်း မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်က ပစ္စတိုသေနတ် တစ်လက်နှင့် ကျည်ကတ် အပါအဝင် M-16 ကျည်ဆန်များကို စည်ပင် သန့်ရှင်းရေးဝန်ထမ်း တစ်ဦးက တွေ့ရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အသက် ၃၂ နှစ်အရွယ် စည်ပင် နေ့စားသန့်ရှင်းရေးဝန်ထမ်း ဒေါ်သင်းမြတ်စိုး က ဗိုလ်သူရလမ်းနှင့် ပိတောက်ပင်လမ်းရှိ အမှိုက်ပုံးမှ အမှိုက်များကို အမှိုက်ယာဉ်သို့ မပို့မီ အမှိုက်စုရပ်ဖြစ်သော ကျောင်းကြီးလမ်းပေါ်သို့ ရွှေ့ပြောင်းစွန့်ပစ်စဉ် ကြွပ်ကြွပ်အိတ်နှင့် ထုပ် ထားသည့်အထုပ်ကို မသင်္ကာ၍ ဖွင့်ကြည့်ရာ သေနတ်နှင့် ကျည်ဆန်များ တွေ့ရှိခဲ့သဖြင့် မြို့နယ် စည်ပင်အရာရှိ တစ်ဦးမှတစ်ဆင့် ကြည့်မြင်တိုင် ရဲစခန်းသို့ အပ်နှံခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

ကြွပ်ကြွပ်အိတ်အတွင်းမှ ပွိုင့် ၃၈ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခုနှင့် အဆိုပါ ပစ္စတိုကျည် ၁၃ တောင့်၊ ပစ္စတိုအိတ် အနက်ရောင်တစ်လုံး၊ M-16 ကျည်အိမ် အတိုတစ်ခု၊ M-16 ကျည် ၅၆ တောင့်၊ ၉ မမ ကျည် ၂၂ တောင့်၊ ကာဘိုင်ကျည် ၁၁ တောင့် တို့ကို တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

သိမ်းဆည်းရမိသော လက်နက်များ ကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ အပ်နှံထားပြီး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးနှင့် ပူးပေါင်းစစ်ဆေးမည် ဖြစ်ကြောင်း ကြည့်မြင်တိုင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဦးစိုးသင်က The Voice သို့ ပြောကြားသည်။

ပွိုင့် ၃၈ ပစ္စတိုသေနတ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်များ အများဆုံး ကိုင်ဆောင်လေ့ရှိပြီး M-16 နှင့် ကာဘိုင်သေနတ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ကာ ၉ မမ ပစ္စတို သေနတ်ကိုမူ မြန်မာ့တပ်မတော် တွင်သာ ကိုင်ဆောင်လေ့ ရှိကြောင်း အငြိမ်းစားရဲ အရာရှိကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

နယ်စပ်ဒေသများရှိ မှောင်ခို ဈေးကွက်တွင် ပွိုင့် ၃၈ ပစ္စတို သေနတ်ကို မြန်မာကျပ်ငွေ တစ်သိန်းခန့်ဖြင့် ဝယ်ယူနိုင်ပြီး မူးယစ်မှောင်ခို အဖွဲ့များကလည်း M-16 ကဲ့သို့ သေနတ်များ ဝယ်ယူ ကိုင်ဆောင်မှုများ ရှိကြောင်း ၄င်းက ထပ်မံ ပြောကြားသည်။

0 comments:

Search Our Site