Ads

ကြော်ငြာ

Tuesday, February 26, 2013

Posted by ဆူးအေမီ on 12:41 AM in | No comments

ဖို-မ ရေးရာများဖြစ်ပါတယ်၊ စိတ်မ၀င်စားရင် လှည့်ပြန်ပါတော့…



ဆရာရှင့်
ရိုသေစွာ တိုင်ပင်ပါရစေ။
သမီးနာမည်က “နွဲ့”ပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုကြောင့် ငယ်ရွယ်စဉ်ကတည်းက အတတ်ကောင်းတစ်ခုကို တတ်ခဲ့တယ်လေ။ တစ်ကိုယ်ရေ အာသာဖြေတတ်ခဲ့တာပါ။
အသက် ၁၈ နှစ်လောက်မှာပေါ့။ အခု အသက်က ၂၇ ဖြစ်လောတော့လေ မကောင်းဘူးဆိုတာ သိလာခဲ့တယ်။ ဒါပေမယ့်လည်း သိနေတဲ့ အရသာတစ်ခုကို မလုပ်သင့်ဘူး ထင်ပေမယ့် လက်တွေ့မှာ မရှောင်နိုင်ခဲ့ဘူး။ သမီးလည်း လူပဲလေ ဆရာရယ်။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကြိုးစားတာပဲ။
အခုလေ သိပ်ချစ်ရမယ့်လူ ရှိလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် မဖြူစင်ဘူးလို့ ခံစားလာရတယ်။  ထပ်မကျူးလွန်ချင်တော့ဘူး ဆရာရယ်။
ဒါပေမယ့် သေချာပြောနိုင်တာက ကိုယ်က အဲ့လိုမျိုးမို့ မထူးပါဘူးဆိုပြီး ချစ်သူနဲ့ အတူနေလိုက်မယ့် မိန်းကလေးမျိုးတော့ မဟုတ်ပါဘူး။
အခုလေ အရင်ကလို ဘာမှ မသိတဲ့ဘ၀မျိုးကို လိုချင်တယ်။
သမီးကို ဆူနိုင်ပါတယ်။
ပြီးရင်တော့ အကြံဥာဏ်လေးတော့ပေးပါ။
ဘာသာရေးဘက်က ကြည့်ရင်ကော သမီးက ငါးပါးသီလကို မလုံတာနဲ့ အတူတူပဲလား။
ကျေးဇူးပြုပြီး ဖြေပေးပါလို့ တောင်းဆိုပါတယ်။ နောက်တစ်ခုက ချစ်သူနဲ့ ဘ၀တစ်ခု ထူထောင်မယ်ဆို ဒါမျိုးက မကောင်းဘူးလို့ ထင်တယ်လေ။ ရိုသေစွာ
သမီး “နွဲ့”
အောက်တိုဘာ ၂၄ ရက်နေ့က ကျွန်တော့်ဆီ ရောက်လာတဲ့ စာလေးပါ။ စိတ်များညစ်ပါရဲ့ဗျာ။ ဘယ့်နှယ်က ဘယ့်နှယ် သူ့ကို တစ်ကိုယ်ရေ အာသာဖြေတာ မကောင်းဘူးလို့ ဘယ်သူကများ သွန်သင်လိုက်သလဲ မသိပါဘူး။
လောကီလူ့ဘောင် လူဝတ်ကြောင်ကို စွန့်ပြီး သည်ဘ၀မှာ နိဗ္ဗာန်ကိုသာ မရောက်ရောက်အောင် ကြိုးစားတော့မယ်၊ နိဗ္ဗာန်မရောက်ရင်တောင်မှ အနည်းဆုံးတော့ သောတာပန်လောက်ဖြစ်အောင် အားထုတ်မယ်ဆိုပြီး စိတ်ဖြတ်ထားတယ်ဆိုရင်တော့လည်း ဒါမျိုးဟာ မလုပ်ကောင်းဘူးပေါ့ဗျာ။ မှားတာပေါ့ဗျာ။
အဲလိုမှ မဟုတ်ဘဲ လင်ယူသားမွေးလုပ်ဖို့ ရည်းစားတောင် ထားနေတဲ့ မမက တစ်ကိုယ်ရေအာသာဖြေတာကျတော့မှ မှားတယ်ထင်နေတာကြီးက မဟုတ်သေးပါဘူး။ ကျွန်တော်တို့ဆီမှာလည်း လူမဆန်တဲ့ သွန်သင်မှု အလွဲတွေ ပြန့်ပွားလှိုက်စားနေပုံများ လူကြားလို့တောင် မကောင်းဘူး။
လူရယ်လို့ ဖြစ်လာပြီးတော့နောက် နိဗ္ဗာန်ရောက်အောင်အထိ ပြင်းပြင်းထန်ထန် အားထုတ်ကျင့်ကြံဖို့ စိတ်ကူးမထားဘဲ လူလိုပဲ နေသွားဖို့ စိတ်ကူးရှိတဲ့  ပုထုဇဉ် လူသားတိုင်းအတွက် တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုအဖြစ် ပြောလိုက်ချင်ပါတယ်။
တစ်ကိုယ်ရေ အာသာဖြေခြင်းဟာ…
  1. လိင်စိတ်တင်းကျပ်မှုတွေကို ပြေလျော့စေနိုင်တဲ့ နည်းလမ်းဖြစ်ပြီး အင်မတန်မှ ဘေးအန္တရာယ်ကင်းရှင်းပါတယ်။ လိင်မှ တစ်ဆင့် ကူးစက်ရောဂါတွေ၊ ကိုယ်ဝန် ရှိလာမှာတွေ တစ်စက်မှ မပူရပါဘူး။
  2. မိမိရဲ့ မျိုးဆက်ပွား ကိုယ်အင်္ဂါအစိတ်အပိုင်းများနဲ့ အဲဒီ့ အစိတ်အပိုင်း အသီးသီးရဲ့ တုံ့ပြန်ပုံ၊ နိုးကြားပုံများကို မိမိဘာသာ ကြိုတင် စူးစမ်း သိရှိနေစေတဲ့ အတွက် အိမ်ထောင်ရေးဘ၀မှာ အင်မတန် အကျိုးများပါတယ်။ အမျိုးသားတွေအနေနဲ့ ဆိုရင် တစ်ကိုယ်ရေ အာသာဖြေတဲ့ အလေ့အထကြောင့် ဘယ်လို အချိန်မှာ ကိုယ့်စိတ်က အတက်ကြွဆုံးကို ရောက်ရှိကာ ဇာတ်သိမ်းကို ရောက်ရှိသွားနိုင်တယ်ဆိုတာကို သိရှိထားနိုင်တာမို့ အဲသလို အခြေအနေမျိုးကို ရောက်လာရင် ဇာတ်သိမ်းအထိ မရောက်အောင် ဘယ်လို ထိန်းသိမ်းမယ်ဆိုတာကို ပွဲမ၀င်ခင် အပြင်ကတည်းက ကြိုတင် လေ့ကျင့်ထားနိုင်ပါတယ်။ အမျိုးသမီးတွေအတွက်ကလည်း ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို ဇာတ်သိမ်းဆီအထိ ခေါ်မသွားနိုင်ဘူးဆိုရင် သူ့ကို ဘယ်လို ဖျောင့်ဖျနိုင်တယ်၊ ကိုယ်က ဘယ်လိုမှ ဇာတ်သိမ်းနိုင်တယ်ဆိုတာကို သူ သိရှိလာအောင် ပြောပြထားခြင်းအားဖြင့် အိမ်ထောင်ရေးဘ၀မှာ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ တစ်နည်းပြောရရင် အိမ်ထောင်ရေးဘ၀ ချစ်တင်းနှောရာမှာ လင်သားဘက်ကသာ ကျေနပ်မှု ရရှိပြီး ဇနီးသည်ဘက်က စိတ်ပျက်ညည်းငွေ့စရာ ဖြစ်နေလေမယ့် တစ်ဘီးထဲလိမ့်နေတဲ့ ဘ၀ကို ကျော်လွှားနိုင်အောင် မိမိရဲ့ နိုးကြားမှုနဲ့ ဇာတ်သိမ်းအထိ ရောက်ရှိနိုင်မှု အခြေအနေများကို သိရှိကာ တင်ပြ ဆွေးနွေးထားနိုင်ပါတယ်။
ငါးပါးသီလအကြောင်းတော့ လာမပြောပါနဲ့ဗျာ။ ခြင်ကို ဖျန်းခနဲ လွယ်လွယ်ပဲ ရိုက်ချနေကြ၊ လိမ်ညာဖြီးဖြန်းတာကိုလည်း ထမင်းစားရေသောက်တွေ လုပ်နေကြ၊ ဟိုလူမသိအောင် ဖုံးရတာနဲ့၊ သည်လူ မသိအောင် ဖိရတာနဲ့၊ ပါးစပ်က အလိမ်အညာ မပြောတာပဲ ရှိတယ်၊ အမှန်ကို ဖုံးကွယ်ထားတဲ့နည်းနဲ့ မုသာဝါဒကံကိုလည်း ကျူးလွန်နေကြတာရော ဘယ်လောက်တောင် လုံနေကြလို့တုံး။
“ကာမေသု မိစ္ဆာစာရကံ”ဆိုတဲ့အထဲမှာ ကာမဂုဏ်အာရုံကို မိစ္ဆာစာရ = မှားသောအကျင့်ဖြင့် ကျူးလွန်ခြင်းလို့သာ ပါပါတယ်။ “မှားသောအကျင့်”ဆိုတာကို ဘယ်ပေတံနဲ့ တိုင်းမလဲဆိုတာက ပြဿနာပဲ။
အဲဒါကို အသာထား၊ သေချာတာက ကာမဂုဏ်အာရုံ။ ကာမဂုဏ်အာရုံ ခံစားတဲ့အထဲမှာ နားကို ကြက်တောင်လေးနဲ့ ကြပ်ရင်း ဇိမ်ခံတာလည်း ပါသဗျ၊ အနှိပ်ခံတာလည်း ကာမဂုဏ် အာရုံခံစားတာပဲဗျ၊ ရူပါရုံ၊ သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံဆိုပြီး ကာမဂုဏ် ငါးပါးရှိပါတယ်။ အရပ်စကားနဲ့ ပြောရင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စတာများမှာ တပ်ငြိတာ၊ မက်မောတာ၊ လိုချင်တောင့်တတာ အားလုံးဟာ ကာမဂုဏ်အာရုံများသာ ဖြစ်ပါတယ်။  ဟယ်… ဟို ပိုက်ဆံအိတ်လေး လှလိုက်တာ၊ လိုချင်လွန်းလို့ မျက်စိထဲကတောင် မထွက်ဘူးဆိုရင်လည်း ကာမဂုဏ်အာရုံပါပဲ။ တစ်အိမ်လုံး နားငြီးပြီး အော့ကြောလန်ကုန်တဲ့အထိ ကိုယ်သိပ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို အထပ်ထပ်ဖွင့်နေတယ်ဆိုရင်လည်း ကာမဂုဏ်အာရုံခံစားတာပါပဲ။  မုံ့ဟင်းခါးလေးကို ငရုတ်သီးလေး စပ်စပ်လေးထည့်၊ သံပရာရည်လေး ညှစ်၊ ငံပြာရေးလေးပါ နှစ်စက်လောက် ထပ်ဆမ်းပြီး အားရပါးရ လွေးတာလည်း ကာမဂုဏ်အာရုံခံစားတာပါပဲ။
အဲဒါတွေကို မှားသောအကျင့်နဲ့ ပြောရင် ဘယ်ပေတံနဲ့ တိုင်းမလဲ။ ပုထုဇဉ်ဆိုတာကိုကျတော့ “ကာမဘုံသား ဆုံလည်နွား”လို့ တရားသမားတွေက သတ်မှတ်တယ်။ သိပ်မှန်တာပေါ့။ ကာမဂုဏ်အရသာကို တပ်မက်နေကြတာချည်းကိုး။ အမယ်… အိုင်ဖုန်းလေးလည်း လိုချင်၊ အိုင်ပက်(ထ်)လေးလည်း လိုချင်၊ ပူတဲ့အခါ ပါးပါးလျလျ အေးအေးအထည်လေးလည်း ၀တ်ချင်၊ လေအေးစက်လေးနဲ့လည်း နေချင်၊ ကားကောင်းကောင်းလည်း စီးချင်၊ အစားကောင်းကောင်းလည်း စားချင်နေကြသူတွေဟာ ဘယ်နားက ကာမဂုဏ်အာရုံက လွတ်နေလို့တုံး။
အဲဒါကို တစ်ကိုယ်ရေ အာသာဖြေတာ၊ ချစ်တင်းနှောတာကိုကျမှ ငါးပါးသီလ လုံပါ့မလားလို့ ပူနေသေးတော့… အင်း… လွဲမှားတဲ့ အကျင့်နဲ့ တပ်မက်မိနေတဲ့ အာရုံပေါင်းက သောင်းခြောက်ထောင်၊ ပူနေတာက “ကာမ”ဆိုတဲ့ စကားလုံးကြောင့် လိင်ကိစ္စနဲ့ကျတော့မှ အပူကြီးပူနေတာဖြစ်နေပါပေါ့လား။ မဆီလေးရယ်တဲ့မှ အိုမဆိုင်ဆိုတဲ့အထဲကပါပဲ။
ငါးပါးသီလ သိပ် လုံချင်သလား၊ ပထမဆုံးက အဲဒီ့ လိင်စိတ်ကို အသာထား၊ ဘာကိုမှ မကွယ်မ၀ှက်၊ မဖုံးမဖိဘဲ၊ မလိမ်မညာဘဲ ခြောက်လတိတိလောက် အရင်နေကြည့်လိုက်ပါဦး။ နေ့စဉ် သတိထားပြီး နေပါနော်။ ရက်ပေါင်း ၁၈၀ ပြည့်ပြီဆိုရင် အစာစားတဲ့အခါတိုင်း ကိုယ့်ရှေ့ကို ဘာပဲ ရောက်လာလာ စားမယ်၊ ကြိုက်တာတွေ မကြိုက်တာတွေ မတွေးဘူး၊ ငါ့ခန္ဓာကိုယ်အတ္တဘော အသက်ရှင်တည်မြဲရေးအတွက်သာ ပါးစပ်ထဲ ထည့်တယ်၊ ၀ါးတယ်၊ မျိုတယ်ဆိုပြီး ထမင်းလုပ်တိုင်းကို အမှတ်နဲ့ ဆက်စားကြည့်ပါ။ အဲဒါလည်း ရက်ပေါင်း ၁၈၀ လောက် တစ်နပ်မှ မပျက်စေဘဲ ကြိုးစားကြည့်လိုက်ပါ။
အဲလောက် လုပ်လို့ရပြီဆိုရင် မုသာဝါဒကံနဲ့ ကာမေသုမိစ္ဆာစာရကံတွေ အတော်လုံသွားပါပြီ။ ဒါဆို တစ်ကိုယ်ရေ အာသာဖြေဖို့လည်း စိတ်ကူးတော့မှာ မဟုတ်ဘူး၊ လင်ယူ၊ မယားယူ၊ အိမ်ထောင်ထူဖို့လည်း စဉ်းစားတော့မှာ မဟုတ်ဘူး။ တစ်ခါတည်း တောထွက်လို့ ရပါပြီ။ နိဗ္ဗာန်ရောက်ကြောင်းတရားလည်း စတင် ကျင့်ကြံ ပွားများလို့ ရပါပြီ။
အဲလိုမှ မဟုတ်လို့ကတော့ဗျာ၊ တစ်ကိုယ်ရေ အာသာဖြေတာများ ရဲရဲသာ ဖြေလိုက်စမ်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်ဗျာ။
 http://nookycontent.wordpress.com/2010/11/05/303/

0 comments:

Search Our Site