Ads

ကြော်ငြာ

Sunday, January 27, 2013

Posted by ဆူးအေမီ on 12:05 AM in | No comments
ဘလော့ဂ်ဂါတို့၏ ကျင့်ဝတ်စည်းကမ်းများ



----------------------------------------------------------------------------------------------
ဒီပို့စ်ကို ဘလော့ဂ်ဂါတို့အတွက် ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်များကို ကဏ္ဍအလိုက် စုံစုံလင်လင် တင်ပြထားတဲ့ ကိုစတန်လေရဲ့ ဘလော့ဂ်မှ ကူးယူဖော်ပြပါတယ်။ ကိုစတန်လေကို ကျေးဇူးအထူးတင်ပါတယ်။
-----------------------------------------------------------------------------------------------

၂၀၀၇ ခုနှစ်အတွင်းတွင် တင်မ်အိုရေလီဆိုသည်က ဘလော့ဂ်ဂါတို့အတွက် ကျင့်ဝတ်စည်းကမ်းများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းကြရန် ဘလော့ဂ်ဂါအားလုံးကို တိုက်တွန်းခဲ့သည်။ ထိုကျင့်ဝတ်စည်းကမ်းများ ချမှတ်နိုင်ရေးအတွက် Wikipedia မှ အကူအညီပေးနိုင်ရန် wiki page တစ်ခု ဖန်တီးခဲ့သည်။

ရက်သတ္တတစ်ပတ်ခန့် ဆွေးနွေးမှုပြုခဲ့ကြပြီးနောက် ယင်းကျင့်ဝတ်စည်းကမ်းများအား အခန်းခွဲများဖြင့် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ ဘလော့ဂ်ဂါများစုပေါင်းကာ ယင်းကျင့်ဝတ်စည်းကမ်းများအား မူကြမ်းရေးဆွဲနိုင်ရန် ကြိုးပမ်းခဲ့ကြရာ အောက်ပါအတိုင်း ရရှိခဲ့သည်။

၁။ မိမိရေးသားသည့် စကားလုံးများအား တာဝန်ယူမှုရှိပါ

ဘလော့ဂ်ဂါများအနေဖြင့် ဘလော့ဂ်တွင် ရေးသားသည့် စကားလုံးများအား ကိုယ်တိုင် တာဝန်ယူနိုင်ရမည် ဖြစ်ပြီး မိမိတို့၏ စံသတ်မှတ်ချက်များနှင့် မကိုက်ညီသော comment များ ၀င်ရောက်မရေးသားနိုင်ရေး ကြိုတင် အကန့်အသတ်များ ပြုလုပ်ရပေမည်။

အရည်အသွေးမြင့်မားသည့် အကြောင်းအရာများကိုသာ ရေးသားဖော်ပြရန်နှင့် လက်ခံနိုင်ဖွယ်မရှိသော comment များအား ဖျက်ပစ်ရန်ဟူသည့် ယဉ်ကျေးသိမ်မွေ့မှုဆိုင်ရာ စံသတ်မှတ်ချက်များကို လိုက်နာရမည်။

အောက်ပါအချက်အလက်များမှ တစ်ခုခုနှင့်ကိုက်ညီသော (သို့သော် ယင်းအချက်အလက်များသာ ဖြစ်သည်ဟု မကန့်သတ်ထား) မှတ်ချက်များအား လက်ခံနိုင်ဖွယ်မရှိသော comment များဟု သတ်မှတ်သည်။

* အခြားသူ တစ်ဦးတစ်ယောက်အား စော်ကားခြင်း၊ တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် ကြိမ်းဝါးခြင်း
* သိက္ခာကျစေခြင်း သို့မဟုတ် သိသိသာသာ မှားယွင်းနေခြင်း
* တစ်စုံတစ်ဦး၏ မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် ကုန်သွယ်ရေးလျှို့ဝှက်ချက် တစ်စုံတစ်ရာအား ချိုးဖောက်ခြင်း (အကယ်၍ သင်သည် တစ်စုံတစ်ဦးရေးသားသည့် အကြောင်းအရာအား ကိုးကား သို့မဟုတ် ကောက်နှုတ်ဖော်ပြပါက မူရင်းစာရေးသူအား သင့်လျော်သော ထည့်သွင်းဖော်ပြပေးခြင်း ပြုလုပ်ရမည်မှာ သင့် တာဝန်ပင်ဖြစ်သည်။ မည်သို့ ထည့်သွင်းဖော်ပြရမည်ဆိုသည်နှင့် မည်သို့အသုံးပြုပါက တရားမျှတသည် ဆိုသည်ကို အီလက်ထရောနစ်နယ်မြေသစ်ဖောင်ဒေးရှင်း၏ ဘလော့ဂ်ဂါများအတွက် ဥပဒေအကြံပြုချက်များ တွင် ရှုပါ။)
* လျှို့ဝှက်ထားရန် လိုအပ်မှုကို ချိုးဖောက်ခြင်း
* အခြားသူတစ်ဦး၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခြင်း

၂။ လူကိုယ်တိုင်တွေ့လျှင် မပြောလိုသည့်ကိစ္စအား အွန်လိုင်းတွင်လည်း မပြောပါနှင့်

လူကိုယ်တိုင်တွေ့၍ ပြောရလျှင် မပြောလိုသည့် အကြောင်းအရာများအား အွန်လိုင်းတွင်လည်း မပြောအပ်ပေ။

လျှို့ဝှက်အပ်သော အရင်းအမြစ်အား ကာကွယ်ရခြင်း မဟုတ်သော်မှ သတင်းအရင်းအမြစ်အား ရှုပ်ထွေးမှု ဖြစ်စေနိုင်သည်ဟု ယူဆရပါက အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အသေးစိတ်အချက်အလက်များအား ချန်လှပ်ထားရပေမည်။

တကယ့်ဘ၀တွင် ခြိမ်းခြောက်မေးမြန်းခြင်းမျိုး ရှိနိုင်သော်လည်း အွန်လိုင်းပေါ်တွင်မူ ထိုသို့ မဖြစ်နိုင်ပေ။ သင့်အနေဖြင့် သူတစ်ပါး၏နှာခေါင်းရှေ့တွင် လက်သီးဝှေ့ရမ်းပိုင်ခွင့်ရှိသော်လည်း လွတ်လပ်မှုတွင် အခြေခံ နားလည်မှုတော့ ရှိရပေမည်။ ဘလော့ဂ်ဂါများအနေဖြင့် တကယ့်ဘ၀မှာကဲ့သို့ပင် တာဝန်ယူမှုနှင့် ယဉ်ကျေးမှု ရှိရပေမည်။ အတုအယောင်ကမ္ဘာအတွင်းမှ ရာဇ၀တ်ကောင်များအတွက်တော့မူ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းလမ်းများရှိပြီး ယဉ်ကျေးသော မြို့ကြီးသားများကမူ အချို့သော ကျင့်ဝတ်များအား လိုက်နာရပေမည်။

၃။ အရင်ဆုံး သိုသိုသိပ်သိပ် ဆက်သွယ်ပါ

တစ်စုံတစ်ဦးနှင့် တင်းမာမှုများ ပေါ်ပေါက်လာပါက အများရှေ့တွင် ထင်ထင်ပေါ်ပေါ် မတုံ့ပြန်ခင် အရင်ဆုံး သိုသိုသိပ်သိပ် ဆက်သွယ်ဖြေရှင်းသင့်ပါသည်။

အင်တာနက်အတွင်း ပဋိပက္ခများနှင့် နားလည်မှုလွဲခြင်းများ ကြုံတွေ့ရပါက ထိုပဋိပက္ခအား ဘလော့ဂ်ပေါ်တွင် ရေးသားဖြေရှင်းခြင်း သို့မဟုတ် မှတ်ချက်ပေးခြင်း မပြုမီ ယင်းတွင် ပါဝင်ပတ်သက်သူများအား တစ်ဦးချင်း တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးခြင်း သို့မဟုတ် ထိုသို့ပြုလုပ်နိုင်သူ ကြားခံတစ်ဦးအား ရှာဖွေခြင်းတို့ကို ပြုလုပ်ရပေမည်။ ဘလော့ဂ်ဂါများအနေဖြင့် မဖြေရှင်းနိုင်သော အငြင်းပွာမှုများအား အွန်လိုင်း ကြားဝင်ဖျန်ဖြေမှု ရယူရပေမည်။ ထိုသို့သော ၀န်ဆောင်မှုမျိုးကို Mediation.com က ဆောင်ရွက်ပေးလျက်ရှိသည်။

၎။ တိုက်ခိုက်မှုများအား တုံ့ပြန်ခြင်း

တစ်စုံတစ်ဦးသည် ဘလော့ဂ်ဂါတစ်ဦးအား မမျှတစွာ တိုက်ခိုက်လာပါက တုံ့ပြန်ရန် ဆောင်ရွက်ရပေမည်။

တစ်စုံတစ်ဦးသည် ဘလော့ဂ်ပေါ်တွင် ရေးသားခြင်း သို့မဟုတ် comment ရေးသားခြင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လာပါက ၎င်းအား သတိပေး၍ (ဖြစ်နိုင်လျှင် သိုသိပ်စွာဖြင့်) အခြေအနေကို ပိုမိုဆိုးရွားစေနိုင်သည်ဟု မယူဆပါက လူသိရှင်ကြား ပြင်ဆင်ပေးရန် တောင်းဆိုရပေမည်။ အကယ်၍ ယင်း comment သည် ခြိမ်းခြောက်မှုတစ်ခု သို့မဟုတ် ဥပဒေနှင့်မကိုက်ညီဟု သတ်မှတ်ခံရပြီး ရေးသားသူမှလည်း ပြန်လည် ဖျက်ပေးခြင်းနှင့် တောင်းပန်ခြင်း မပြုပါက သက်ဆိုင်ရာ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သူများသို့ အကြောင်းကြား၍ ပူးပေါင်းဆောင်ရွက်ရပေမည်။

ထိခိုက်စော်ကားမှုဟု ယူဆရသည့် post များနှင့် comment များအား ဖြစ်နိုင်လျှင် ရေးသားသူမှ လူသိရှင်ကြား ပြင်ဆင်ပေးရန်အတွက် တတ်နိုင်သမျှ သိုသိပ်စွာ သတိပေးပြောဆိုမှု ပြုရပေမည်။ အကယ်၍ ရေးသားထားသည့် comment များသည် ဥပဒေချိုးဖောက်သည် (ခြိမ်းခြောက်ခြင်း သို့မဟုတ် တစ်ခုခု) ဟု ရှုမြင်ရန် ခိုင်လုံပါက ရေးသားသူအား ရဲသို့ တိုင်ကြားရပေမည်။

ပြင်ပကမ္ဘာမှာကဲ့သို့ပင် လွတ်လပ်၍ ကာကွယ်ပေးမှုရှိသည်ဟု ခံစားရနိုင်သည့် ယဉ်ကျေးသော အွန်လိုင်း လူ့အဖွဲ့အစည်းတစ်ခုအဖြစ်တည်ဆောက်နိုင်ရန် အရေးကြီးလှပေသည်။ “Agree to Disagree” မူကို လက်ခံကျင့်သုံးနိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ပေသည်။

၅။ အမည်မဖော်ဘဲ comment မရေးရ

အမည်မဖော်ဘဲ comment ရေးသားခြင်းကို ခွင့်မပြုသင့်ပေ။

Comment ရေးသူအနေဖြင့် နာမည်အရင်းများအစား အခြားနာမည်တစ်ခုခုဖြင့် ရေးသားရန် ခွင့်ပြုသော်လည်း ရေးသားမှုမပြုမီ မှန်ကန်သော email address တစ်ခုကို ပေးရပေမည်။

၆။ အဓိပ္ပါယ်မရှိသည့်အရာများအား လျစ်လျူရှုထားပါ

ဘလော့ဂ်ဂါများနှင့် ယင်းတို့၏ ဘလော့ဂ်များနှင့်ပတ်သက်၍ မနှစ်မြို့ဖွယ် ရေးသားထားသော comment များအား စော်ကားမှု သို့မဟုတ် သိက္ခာချမှု ဖြစ်မလာခင်အထိ လျစ်လျူရှုထားသင့်ပေသည်။ လူ့ဂွစာများနှင့် ဖက်၍ရန်ဖြစ်ခြင်းသည် ထိုသူများကိုသာ ပျော်ရွှင်စေနိုင်ပေသည်။ “၀က်နှင့်နပန်းလုံးရင် ကိုယ်ပဲ ညစ်ပတ်ပြီး ၀က်ကတော့ သဘောကျနေမှာပဲ” ဟု ဂျော့ခ်ျဘားနက်ရှောက ပြောဖူးပေသည်။ တစ်ခါတစ်ရံတွင် ပေါ်ပေါ်ထင်ထင် တိုက်ခိုက်လာမှုအား ထိန်းသိမ်းရန် အကောင်းဆုံးနည်းလမ်းမှာ လျစ်လျူရှုထားခြင်းပင် ဖြစ်သည်။

၇။ ၀န်ဆောင်မှုဆိုင်ရာစည်းမျဉ်းများ စိုးမိုးနိုင်ရန် တွန်းအားပေးခြင်း

ဘလော့ဂ်လွှင့်တင်ရန် ၀န်ဆောင်မှုပေးသူများအား ၀န်ဆောင်မှုဆိုင်ရာ စည်းမျဉ်းများအား တင်းတင်းကြပ်ကြပ် ဆောင်ရွက်ရန် အားပေးအားမြှောက် ပြုသင့်ပေသည်။

အခြားသောဘလော့ဂ်ဂါများအား တိုက်ခိုက်နှောက်ယှက်ရန် အတုအယောင်ဖန်တီးသော ဘလော့ဂ်များ လွှင့်တင်ခြင်းကဲ့သို့သော ပြောင်ပြောင်တင်းတင်း စော်ကားမှုများ ပြုလုပ်လာပါက ထိုသူအား ၀န်ဆောင်မှုပေးသည့် လုပ်ငန်းအနေဖြင့် ထိုသူ၏ အပြုအမူအပေါ် တာဝန်ယူသင့်ပေသည်။

ဘလော့ဂ်ဂါတို့၏ အရင်းအမြစ်များအားလည်း သိုသိပ်စွာ ထိန်းသိမ်းပေးရပေမည်။

ထိုသို့ ထိန်းသိမ်းထားနိုင်ခွင့်လည်း ရရှိသင့်ပေသည်။

ထိုသို့သော် သတင်းအချက်အလက်များအား တရားရုံး၏ အမိန့်ဖြင့်သာ ထုတ်ပြခွင့် ရှိပေသည်။

၈။ comment များအား ဖျက်ပိုင်ခွင့်ရှိခြင်း

ဘလော့ဂ်ပိုင်ရှင်တစ်ဦးအနေဖြင့် ထိုဘလော့ဂ်တွင် ဖော်ပြထားသည့် အချက်များအား တာဝန်ယူရမည်ဖြစ်သဖြင့် comment တစ်ခုသည် လက်ခံနိုင်ဖွယ်ရှိမရှိဆိုသည်ကို ဆုံးဖြတ်ရန် ဘလော့ဂ်ပိုင်ရှင်တွင် အခွင့်အရေး အပြည့်အ၀ ရှိပေသည်။

၉။ အန္တရာယ် မဖြစ်စေရ

ဘလော့ဂ်ဂါတစ်ဦးသည် မိမိ၏ဘလော့ဂ်အား အန္တရာယ်တစ်ခုခု ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ မရေးသားရ။ ဘလော့ဂ်ဂါတစ်ဦးသည် မိမိ၏ လုပ်ဆောင်ချက်တစ်ခုသည် အခြားသူတစ်ဦးဦးအပေါ် သက်ရောက်မှု ရှိမရှိကို ထည့်သွင်းစဉ်းစားရပေမည်။ ဘလော့ဂ်ဂါတစ်ဦးသည် မိမိ၏ပရိသတ်အား အခြားဘလော့ဂ်ဂါ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား ခြိမ်းခြောက်စေခြင်း မပြုရ။

၁၀။ post တစ်ခုမရေးမီ နှစ်ကြိမ် ပြန်စဉ်းစားပါ

Submit ခလုတ်မနှိပ်မီတွင် သင်ရေးသားမည့်အကြောင်းအရာအကြောင်း နှစ်ကြိမ် ပြန်စဉ်းစားကာ “ငါပြောချင်တာ ဒီလို ဟုတ်ရဲ့လား” ဟု ပြန်မေးခွန်းထုတ်ပါ။ သင့်အနေဖြင့် ထိုစကားလုံးများ သုံးမိသဖြင့် နောင်တစ်ချိန်တွင် နောင်တရနိုင်သလား ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အဖြေသည် “yes” သို့မဟုတ် “ဖြစ်နိုင်ချေရှိတယ်” ဆိုပါက submit ခလုတ်ကို မနှိပ်ပါနှင့်။

Ref: blogging.wikia.com, “Bloggers’ Code of Conduct”

မှတ်ချက်။ ။ သင့်အနေဖြင့် လိုအပ်သည်ဟုထင်သည့် စည်းကမ်းချက်များအား ဒီနေရာ တွင် သွားရောက် ဖြည့်စွက် ဆွေးနွေးထည့်သွင်းနိုင်ပါသည်။ တစ်ကမ္ဘာလုံးက ဘလော့ဂ်ဂါတွေအတွက် ရေးသားနေတဲ့ နိုင်ငံတကာအဆင့် ကျင့်ဝတ်စည်းကမ်းတွေ ဖြစ်ပါတယ်။

ဝန်ခံချက်။ ။ ဒီပို့စ်ကို ကို MonGuy မှ တဆင့် ဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Search Our Site