Ads

ကြော်ငြာ

Monday, April 28, 2014

Posted by ဆူးအေမီ on 12:58 AM in | No comments



The Messenger ဂျာနယ်- အင်္ဂလိပ်ကိုလိုနီဘဝက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသား ညီညွတ်ရေး လုပ်ငန်းစဉ်ဟာ အချိန်တိုအတွင်းမှာ အောင်မြင်မှု အကြီးအကျယ် ရခဲ့တယ်။ အခုပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေမှာ အချိန်ကြာမြင့် သလောက်စိတ်ကျေနပ်ဖွယ် တိုးတက်မှု တစ်စုံတစ်ရာ ရှိလာတာ မတွေ့ရသေးဘူး။ အဲဒါ ဘာကြောင့်လို့ သုံးသပ်သလဲ။

ဖဒိုမန်းငြိမ်းမောင်(KNU ဗဟိုကော်မတီဝင်) - ကျွန်တော် ပြောပြမယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကြိုးပမ်းခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးက နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့အတွက် ကြိုးပမ်းခဲ့ရတဲ့ နိုင်ငံရေးအခြေအနေ၊ ဗမာပြည် အခြေအနေ ဖြစ်တယ်။ အဲဒီတုန်းက နယ်ချဲ့ဆန့်ကျင်တဲ့စိတ် တိုင်းပြည်လွတ်လပ်ချင်တယ်ဆိုတဲ့ စိတ် ရှိတယ်။ အဲဒီတစ်ပြည်လုံးမှာ တိုင်းရင်းသားမရွေး၊ လူတန်းစားမရွေးအားလုံးက လွတ်မြောက်ချင်စိတ်ရှိတယ်။ လွတ်မြောက်ချင်တဲ့စိတ် နယ်ချဲ့ဆန့်ကျင်ရေးစိတ်က တူညီ နေတဲ့ အခါကျတော့ အဲဒါ တူညီတာတစ်ချက်၊ နောက်တစ်ချက်ကတော့ ဗိုလ်ချုပ် အောင်ဆန်း လို ထက်မြက်တဲ့ခေါင်းဆောင်၊ တစ်တိုင်း ပြည်လုံးက လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှု ရရှိတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ တစ်တိုင်းပြည်လုံးက ပါလာတဲ့အခါကျတော့ အဲဒီအခြေအနေရဲ့ ထူးခြားချက်ကြောင့် ဗမာပြည်လွတ်လပ်ရေး ကြိုးပမ်းမှုမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ စည်းရုံးခဲ့တာ အချိန်တိုအတွင်းမှာ ရခဲ့ပါတယ်။

ကျွန်တော်တို့ ဒီကနေ့ကာလ ဒီကနေ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ပြောင်းပြန်ဖြစ်နေတယ်။ ကျွန်တော်တို့ဟာ ဗမာပြည်လွတ်လပ်ရေး ရလာကတည်းက အဲဒီမှာ ပဋိပက္ခတွေ အုပ်စိုးသူ အဆက်ဆက်က ဖန်တီးခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရိုးရိုး သားသား မဖြေရှင်းခဲ့တဲ့ နိုင်ငံရေး ဒဏ်ရာဒဏ်ချက်တွေကြောင့် အဲဒီမှာ ပြည်တွင်းစစ်မှာ စုံးစုံးမြုပ်ပြီးတော့ နှစ်ပေါင်း ခြောက်ဆယ်ကျော် ရုန်းကန်ခဲ့ရတဲ့ အခါကျတော့ ကျွန်တော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ပြိုကွဲ ပျက်စီးခဲ့ရတယ်။ အဲဒါ အင်မတန် ဆိုးရွားတဲ့ အခြေအနေ တစ်ခုဖြစ်တယ်။ အဲဒီ ဆိုးရွားတဲ့ အခြေအနေမှာ အဲဒီ ပဋိပက္ခ သံသရာထဲမှာ ကျွန်တော်တို့ နှစ်ပေါင်း ခြောက်ဆယ်ကျော် လည်နေတဲ့အခါကျတော့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အာဏာပိုင်တွေဘက်ကိုလည်း တိုင်းရင်းသားတွေက မယုံကြည်၊ တိုင်းရင်းသားတွေ ဘက် ကိုလည်း အာဏာပိုင်တွေကလည်း မယုံကြည်၊ မယုံကြည်တဲ့အခါကျတော့ ကျွန်တော်တို့ ပဋိပက္ခတွေဟာ နက်နက်ရှိုင်းရှိုင်းကို ရှိနေကြတယ်။ ဘာတွေရှိနေကြတာလဲ ဆိုတော့ အဲဒီဒဏ်ရာ ဒဏ်ချက်တွေကြောင့် မယုံကြည်မှုတွေ၊ သံသယတွေ အာဃာတတွေ ကြီးကြီးမားမားရှိတဲ့ အခါကျတော့ ဒီဟာတွေကို ဖြေဖျောက်ရတာ သမ္မတကြီး တက်လာတဲ့ ၂၀၁၁ ခုနှစ်ကစရင် ဖြေဖျောက် ရတာ သုံးနှစ်ပဲ ရှိသေးတယ်ဗျ။ ဒီခရီးစဉ်မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ဒဏ်ရာ ဒဏ်ချက်ကြီးကို ကုစားရတာ။ ဒီနိုင်ငံရဲ့ ရောဂါကြီးဟာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပြိုကွဲတဲ့ ရောဂါကြီးဟာ ကုစားရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူးဗျ။ ဒါကြောင့်မို့ ဒီလို အခက်အခဲရှိနေတာ ဖြစ်တယ်။ ဒါ ပကတိ အခြေအနေ ဖြစ်တယ်။

ကျွန်တော်တို့က ကြည့်တဲ့ နေရာမှာ ပကတိ အခြေအနေကိုကြည့်တယ်။ အခု ခင်ဗျားတို့ မေးလိုက်လို့ ရှိရင် Possitive မေးတဲ့ မေးခွန်းမျိုး တစ်ခါမှ မဟုတ်ဘူး။ Negative မေးခွန်းတွေချည်းပဲ မေးကြတယ်။ ကျွန်တော်တို့ ပြောပြနေတယ်။ ပကတိ အခြေအနေ ဖြစ်တယ်။ ပကတိ အခြေအနေကို ကျွန်တော်တို့က အဲဒီလို မမြင်ဘူး။ တိုးတက်မှု ရှိတယ် လို့ပဲ မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ပေါင်း ခြောက်ဆယ်ကျော်မှာ ကျွန်တော်တို့ အခုလောက်ထိ စစ်မြေပြင်ကို စွန့်လွှတ်ပြီးတော့ စားပွဲဝိုင်းမှာ မျက်နှာစုံညီ မျက်နှာချင်းဆိုင် စုံနေတာကိုက ကျွန်တော်တို့က တိုးတက်မှု တစ်ခုလို့ ကျွန်တော်တို့ဘက်က ခံယူတယ်။ စစ်မြေပြင်မှာ ကျွန်တော်တို့က တစ်ဖက်နဲ့ တစ်ဖက်၊ တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အသေအကြေ တိုက်ခဲ့ရတဲ့လူတွေ။ ကျွန်တော်တို့က မနေ့တုန်းက ရန်သူဖြစ်ခဲ့တဲ့သူတွေ၊ သူတွေက ဒီနေ့ စားပွဲဝိုင်းမှာ ကျွန်တော်တို့ ပြုံးပြုံးရွှင်ရွင်နဲ့ လက်ဆွဲ နုတ်ဆက်နေတာ တိုးတက်မှုတစ်ခု မဟုတ်ဘူးလား။ ခင်ဗျားတို့ အသိအမှတ် မပြုနိုင်ဘူးလား။

အဲဒီတော့ ဒီနေ့ ကျွန်တော်တို့ ဒီတွေ့ဆုံ ဆွေးနွေးပွဲလည်း နှစ်နှစ်နီးပါးလောက်ပဲ ရှိသေး တယ်။ ကျွန်တော်တို့ စားပွဲဝိုင်းမှာ ဆုံကြတာ၊ မရနိုင်ဘူးဆိုရင်လည်း ဒါသဘာဝ ကျတယ်။ ခုနက ပြောတဲ့ ဒီပဋိပက္ခတွေ ဒီအရင်းအမြစ်တွေကြောင့် သံသယတွေကြောင့် ဖြစ်ခဲ့ကြတာ ဆိုတော့ ကျွန်တော်တို့ အခု တိုင်းရင်းသားတွေဘက်က ပြုစုတဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူမှုစာချုပ်မူကြမ်း၊ နိုင်ငံတော်အစိုးရဘက် ပြုလုပ်တဲ့ သဘောတူချက် မူကြမ်း ဒီနှစ်ခုကို ပြီးခဲ့တဲ့ လတုန်းက ယေဘုယျ သဘောတူချက်တစ်ခုတည်း တစ်စောင် တည်းရပြီ။ လာမယ့် မေလထဲမှာ တွေ့လို့ရှိရင် အဲဒါကို အချောသတ်တော့မယ်လေဗျာ။ ပြီးခဲ့တဲ့လ တွေ့တုန်းက တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ ပါလာပြီ။ ဒါကောင်းမွန်တဲ့ အခြေအနေတစ်ခုပဲ တိုးတက်တဲ့ အခြေအနေတစ်ခုပဲ။ ဒါကို ကျွန်တော်တို့ လက်ခံရမှာပေါ့။

အစိုးရဘက်ကဆိုရင် အစိုးရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ပါတယ်။ တပ်မတော် ကိုယ်စားလှယ်တွေပါတယ်။ ဒါကောင်းမွန်တဲ့ လက္ခဏာပဲဗျ။ ကျွန်တော်တို့ တိုင်းရင်းသား တွေ ဘက်ကလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ စုစည်းထားတဲ့ NCCT ရှိတယ်လေ။ ဒီနှစ်ခုကို စုစည်းနိုင်တဲ့အတွက် ဒါကောင်းမွန်တဲ့ လက္ခဏာ တိုးတက်တဲ့ လက္ခဏာလို့ မြင်တယ်။ အဲဒီမှာ ကျွန်တော်တို့ Single Text ဆိုတဲ့ တစ်ခုတည်းသော သဘောတူညီချက် စာချုပ်မူကြမ်းကိုလည်း ရနေပြီလေ။ အခုလာမယ့်ပွဲဆိုရင် ပြီးခဲ့တဲ့ပွဲတုန်းက မပြေလည်ခဲ့တဲ့ အထစ်အငေါ့တွေကို ဖြေရှင်းသွားမယ်ဆိုလို့ရှိရင်တော့ တိုးတက်မှုတွေက ကျွန်တော်တို့ တိုးတက်မှု ဖြစ်စဉ်တွေဟာ နှေးကွေးတဲ့ အခါကျတော့ ခင်ဗျားတို့က ဥပမာ ပိတ်မိသွား သလို နှေးကွေးရင် နှေးကွေးမယ်ဗျာ။ လိပ်သွားသလို၊ နှေးကွေးသလို နှေးကွေးမယ်ဗျာ။ ယုန်ပြေးသလို မြန်တဲ့အခါကျတော့ ခင်ဗျားတို့က ရွေ့တယ်လို့ မထင်ဘူး။ ရွေ့ကို ရွေ့နေတာဗျ။ နှေးတာတစ်ခုပဲ။

ကျွန်တော်ပြောနေတာက စစ်မြေပြင်ကနေ၊ အသေတိုက် နေတာကနေ စားပွဲဝိုင်းမှာ ဆုံနေပြီလေ။ အဲဒါ တိုးတက်တာ မဟုတ်ဘူးလား၊ အဲဒါ တိုးတက်တာ မဟုတ်လို့ရှိရင် အဲဒါကိုမှ တိုးတက်တာပါလို့ မပြောရင် ဘာကို ပြောမလဲ။ ကျွန်တော်တို့နဲ့ တိုက်ခိုက်ခဲ့တဲ့ ဗိုလ်ချုပ်တွေကြီးပဲ၊ အခု ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် အဲဒီ တိုက်ခိုက်ခဲ့တဲ့ အကြောင်းတွေ ဆိုရင် ရီရီမောမော ရယ်စရာ မောစရာအဖြစ် ပြန်တောင်ပြောနေပြီဗျာ၊ ဒါ တိုးတက်တာ မဟုတ်ဘူးလား။ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရတဲ့ ခေတ်ကြီးမှာ ဒီနေ့ ခေတ်က ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရတဲ့ ခေတ်ဗျ။ တစ်ယောက်ကို တစ်ယောက် အမြတ်ထုတ်ဖို့၊ အကောက်ကြံဖို့ လုပ်ရတဲ့ ခေတ်မဟုတ်ဘူးဗျ၊ အမြတ်ထုတ်ဖို့ အကောက် ကြံ ဖို့ လုပ်လို့ရှိရင် တစ်ပွဲတိုးပဲ ရမယ်။ ရေရှည်မရဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေး လိုလို့ရှိရင် နှစ်ဖက်စလုံးက ယုံကြည်မှုကို တည်ဆောက်ရမယ်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၄၈) မှ ကူးယူဖော်ပြသည်

0 comments:

Search Our Site