Ads

ကြော်ငြာ

Friday, October 4, 2013

Posted by ဆူးအေမီ on 5:42 AM in | No comments



  
'လူတွေဟာ တတိယကမ္ဘာစစ်ကို ဘယ်လိုလက်နက်တွေနဲ့ တိုက်ကြမယ်တော့ မဆိုနိုင်ဘူး။ ဒါပေမဲ့ စတုတ္တကမ္ဘာစစ်ကို တုတ်တွေ ကျောက်တုံးတွေနဲ့ တိုက်ကြမှာကတော့ သေချာတယ်' 'အဲလ်ဘတ် အိုင်းစတိုင်း' ပြောခဲ့တာဖြစ်ပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ရင် ကမ္ဘာပျက်မယ်လို့ တိုက်ရိုက်မပြောဘဲ သွယ်ဝိုက်ပြောသွားခဲ့တာပါ။
အဲလ်ဘတ် အိုင်းစတိုင်းဟာ ၁၄-၃-၁၈၇၉ ခုနှစ်မှာ ဂျာမဏီမှာဖွားမြင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိ ကမ္ဘာမှာ သြဇာတိက္ကမအကြီးမားဆုံး သိပ္ပံပညာရှင်အဖြစ်အားလုံးက အသိအမှတ်ပြုထားခြင်း ခံရသူဖြစ် ပါတယ်။ အိုင်းစတိုင်းဟာ ၁၉၂၁ခုနှစ်မှာ ရူပဗေဒဘာသာနဲ့ နိုဘယ်လ်ဆုကိုရရှိခဲ့ပါတယ်။ တကယ်တော့လည်း သူနိုဘယ်လ်ဆုမရခင် အဏုမြူလို့ခေါ်တဲ့ အက်တမ်ကိုကို ၁၈၉၈မှာ ပြင်သစ်ရူပဗေဒ ပညာရှင် 'ပီယားကျူရီ (Pierre Currie)က စတင်တွေ့ရှိစဉ်ကတည်းက ကမ္ဘာ့ရူပဗေဒလောကဟာ လုံးဝဥဿုံပြောင်းလဲသွားခဲ့တာပါ။ ၁၉၃၄ခုနှစ်မှာတော့ ဟန်ဂေရီ ရူပဗေဒပညာရှင် 'လီယိုဇီး လတ်' (Leo Szilare) (ဟန်ဂေရီ အသံထွက်အမှန်၊ လက်အိုဆီးလောက်) ဟာ အက်တမ်တွေရဲ့ ဆင့်ကဲဆင့်ကဲပေါက်ကွဲနိုင်စွမ်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဇီးလတ်ကို အဏုမြူဗုံးရဲ့ ဖခင်လို့ လူတွေက သတ်မှတ်ခဲ့ကြတာပါ။
ဇီးလတ်ဟာ အဏုမြူဗုံးကို တီထွင်ရင်ဖြစ်နိုင်ဖွယ်ရှိတဲ့အကြောင်း နာဇီတွေကလည်း ဒီကိစ္စကိုအသည်းအသန် ကြိတ်ကြံနေကြတဲ့ အကြောင်း စာတစ်စောင်ရေးပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင်လေးမှာ အမေရိကန်သမ္မတ ဖရန့်ကလင် ရုဇဗဲ့ဆီကို ပေးပို့ခဲ့တာဖြစ်ပါတယ်။ စာကို သူကိုယ်တိုင်လက်မှတ်ထိုးတာမဟုတ်ပါဘူး။ ဇီးလတ်ဟာ ငယ်ပေါင်းလည်းဖြစ် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်ပြီး အဲဒီအချိန် မှာကတည်းက နာမည်ကြီးနေပြီဖြစ်တဲ့ အိုင်းစတိုင်းကို ၂-၈-၁၉၃၉ ရက်နေ့မှာ လက်မှတ်ထိုးခိုင်းပြီးမှ သမ္မတကြီးဆီကို ပို့ခဲ့တာပါ။
'သမ္မတကြီးခင်ဗျား .... ကျွန်တော်တို့ သိပ္ပံပညာရှင်တစ်စု လွန်ခဲ့တဲ့ ၄လခန့်က အပတ်တကုတ်ရှာဖွေကြိုးပမ်းချက်အရ၊ အင်မတန်ပေါက်ကွဲအား ပြင်းထန်လှတဲ့ ဗုံးတစ်လုံးကို ထုတ်လုပ်နိုင်မယ့် လမ်းစတစ်ခုကို တွေ့ရှိထားကြပါပြီ။ ဒီဗုံးထုတ်လုပ်နိုင်မယ်ဆိုရင် လေးလွန်းလို့ လေယာဉ်နဲ့တော့ သယ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီဗုံးကို ဘင်္ဘောတစ်စီး ပေါ်တင်ပြီး ဆိပ်ကမ်းတစ်ခုခုကိုဝင်တိုက် လိုက်မယ်ဆိုရင်၊ ဆိပ်ကမ်းပြာကျသွားရုံသာမက အနီးအနားတ၀ိုက်မှာ ထောင်နေတာဆိုလို့ ဘာတစ်ခုမှ ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး။
သမ္မတကြီးခွင့်ပြုလို့ သုတေသနလုပ်ခွင့်ရမယ်ဆိုရင် ဒီဗုံးဟာမကြာခင်ဖြစ်မြောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ ရဲရဲကြီးအာမခံပါတယ်။ အဲလ်ဘတ် အိုင်းစတိုင်းလို့ ရေးခဲ့တာပါ။ ဒါပေမယ့် ဒီစာကို သမ္မတကြီးချက်ချင်းမဖတ်နိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဟစ်တလာက ပိုလန်ကို ၁-၉-၁၉၃၉ ရက်နေ့မှာ ၀င်တိုက်ပြီး ဒုတိယကမ္ဘာစစ်ကြီး စဖြစ်သွားလို့ပါပဲ။ ဒါ့ကြောင့် ၁၁-၁၀-၁၉၃၉ နေ့ ရောက်တော့မှ ဒီစာကို ဖတ်နိုင်တော့တာပါ။
ဖတ်ပြီးပြီးချင်း ကော်မတီတစ်ခု ဖွဲ့လိုက်တာနဲ့ မန်ဟတ်အန် စီမံကိန်း' (Manhattan Project)ဆိုပြီး ဖြစ်ပေါ်လာရတော့တာပါပဲ။ နောက်ဆုံးမှာတော့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ရက်နေ့ မနက် ၈နာရီ ၁၅မိနစ်မှာ ဟီရိုးရှီးမားပေါ် တစ်လုံး၊ နောက်သုံးရက်အကြာသြဂုတ်လ ၉ရက်နေ့ မနက် ၁၁နာရီ ၂မိနစ်မှာ နာဂစကီးပေါ်တစ်လုံး၊ အဏုမြူဗုံးထုတ်လုပ်ရေး စီမံကိန်းကြီးအောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။
စထုတ်တုန်းကတော့ ဂျာမဏီပေါ်ချဖို့ ထုတ်ခဲ့ကြတာပါပဲ။ နောက်တော့မှသာ ဂျပန်နိုင်ငံပေါ်မှာချခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း ဆံပင်နီတဲ့လူတွေကျတော့ အချင်းချင်းမို့မချဘဲ၊ ဆံပင်နက်တဲ့ လူတွေ ပေါ်ကျမှရက်ရက်စက်စက် သက်သက်ဆော်လေခြင်းဆိုပြီး တချို့လူတွေမကျေမနပ်နဲ့ပြောကြတာ ဖြစ်ပါတယ်။
အိုင်းစတိုင်းကတော့ ဒီ 'မန်ဟတ်အန်' စီမံကိန်းထဲမှာ ဘာတစ်ခုမှ ၀င်မလုပ်ခဲ့ပါဘူး။ ဒါပေမဲ့ နိုဘယ်ဆု လွတ်လွတ်ကျွတ်ကျွတ် နှစ်ကြိမ်ရခဲ့တဲ့ ဓာတုဗေဒပညာရှင် 'လင်းနပ်စ်ဖေါလင်း' (Linus Pauling) က အိုင်းစတိုင်းဟာ ဒီစာကိုလက်မှတ်ထိုးခဲ့မိတဲ့အတွက် မသေမချင်းနောင်တရသွားတယ်လို့ ပြောခဲ့ဖူးပါတယ်။
အခုတော့ ကမ္ဘာပေါ်မှာ အဏုမြူဗုံးတင်မကတော့ပါဘူး။ ဟိုက်ဒရိုဂျင်ဗုံးတွေတောင် ပေါ်လာပါပြီ။ အရေအတွက်ကလည်း သောင်းဂဏန်းထိရှိလာပါတယ်။ ဒီကမ္ဘာကြီးထဲမှာ ဘယ်ချောင်မှာဝင်ပုန်း ပုန်း မလွတ်ပါဘူး။ အကုန်မျိုးပြုတ်သွားအောင် ပစ်နိုင်တဲ့ဗုံးတွေဖြစ်ကြပါတယ်။ ဒီဗုံးတွေကို နိုင်ငံကိုးနိုင်ငံက ပိုင်ဆိုင်ထားကြတာပါဖော်ပြပါ ခုနှစ်တွေအတိုင်း ပထမဆုံးစမ်းသပ်အောင်မြင်ခဲ့ကြပြီး နျူကလီးယားထိပ်ဖူးတပ်ဗုံးတွေကို ဖော်ပြပါအရေအတွက်အတိုင်း ပိုင်ဆိုင်ထားကြပါတယ်-
၁။ အမေရိကန်ပြည်ထောင်စု၊ ၁၉၄၅၊ ၉၄၀၀
၂။ ရုရှား၊ ၁၉၄၉၊ ၁၂၀၀၀
၃။ အင်္ဂလန်၊ ၁၉၅၂၊ ၁၈၅
၎။ ပြင်သစ်၊ ၁၉၆၀၊ ၃၀၀
၅။ တရုတ်၊ ၁၉၆၄၊ ၂၄၀
၆။ အိန္ဒိယ၊ ၁၉၇၄၊ ၈၀
၇။ ပါကစ္စတန်၊ ၁၉၉၈၊ ၉၀
၈။ မြောက်ကိုရီးယား၊ ၂၀၀၆၊ ၁၀
၉။ အစ္စရေး၊ ၁၉၇၉၊ ၈၀  (တရားဝင် မကြော်ငြာ) တို့ဖြစ်ကြပါတယ်။
အခုတလော လူတွေ မင်္ဂလာဆောင်မှာရော၊ လက်ဖက်ရည်ဆိုင်တွေမှာပါမကျန် ၂၀၁၂ ခုနှစ်ကျရင် ကမ္ဘာကြီးပျက်မယ် ပျက်မယ်ဆိုပြီး ပြောနေကြလို့ပါပဲ။ ဒီလိုဗုံးမျိုး တစ်တန်အလေးချိန်ရှိတဲ့ ဗုံး တစ်လုံးကိုခွဲရင် ယမ်းဘီလူးအလေးချိန်တန် တစ်သန်းကိုတစ်ပြိုင်တည်းခွဲလိုက်တာလောက် ပေါက်ကွဲအားပြင်းထန်တယ်လို့ဆိုပါတယ်။
စစ်အေးခေတ်ကာလတုန်းက အမေရိကားနဲ့ ရုရှားသူ့ငါချိန် ငါ့သူချိန်နဲ့ ဒီတိုက်ချင်းပစ်ဒုံးပျံတွေမှာ အဏုမြူဗုံးထိပ်ဖူးတွေ တပ်ပြီးချိန်ထားခဲ့ကြတာပါ။ အချက်ပေးစနစ်တွေကလည်းကောင်းပါတယ်။ ဒါပေမဲ့စက်တွေပဲဥစ္စာ၊ ဘယ်ရာနှုန်းပြည့်တော့ စိတ်ချလို့ရပါ့မလဲ။ စက်ကမှားပြလို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်လူကမှားဖတ်မိလို့ပဲဖြစ်ဖြစ် 'ဟ ... ချပဟ' ဆိုပြီး ကိုယ့်ဆီက ခလုတ်တွေကိုလန့်ဖျပ်နှိပ်လိုက် မိတာနဲ့ တစ်ကမ္ဘာလုံးပွဲသိမ်းသွားနိုင်တာမဟုတ်လား။ ဒီလို နျူးကလီးယားလန့်တဲ့အကြိမ်ပေါင်းကလည်း မရေတွက်နိုင်တော့ပါဘူး။ ဘဲငန်းအုပ်တွေ ပြန်လာတာကိုလည်း ရေဒါထဲမှာဒုံးပျံတွေတက် လာပဟဆိုပြီး လန့်ရပါတယ်။ ငန်းတွေပျံလာတာကို တွေ့ရတော့လည်း ရေဒါထဲမှာ 'မစ်' တိုက်လေယာဉ် (MiGs) တွေ အုပ်လိုက်ပျံလာနေပြီဟေ့ဆိုပြီး လန့်ရပါတယ်။ အမေရိကားကလည်း ပုလဲ ဆိပ်ကမ်းမှာ စိစိညက်ညက်ကြေအောင် တစ်ခါအဆော်ခံရပြီးကတည်းက ခဲမှန်ဖူးတဲ့စာသူငယ်လို နဂိုထဲကိုက အလိုလိုခပ်လန့်လန့်ဖြစ်နေတာမဟုတ်လား။
ဒီတော့ အခုလည်းပဲ လန့်လို့ကောင်းနေတာပေါ့။ ၁၉၇၇ ကနေ ၁၉၈၄ခုအကြား စစ်အေးတိုက်ပဲကာလအတွင်းမှာ အကြိမ် ၁၁၅၂ကြိမ်တောင် လန့်ခဲ့ကြတာပါ။ တစ်နှစ်ကို ၁၄၄ကြိမ်နှုန်းနဲ့  လန့်ရတာ ဆိုတော့ နှစ်ရက်ခွဲတစ်ကြိမ်လန့်ရတဲ့သဘောပါပဲ။ ဒါပေမဲ့ အဲဒီလိုတစ်ပတ်သုံးခါလောက်လန့်နေပေမယ့် ပြဿနာမရှိခဲ့ပါဘူး။ လန့်ရတဲ့အကြောင်းရင်းကိုချက်ချင်းအဖြေရှာတွေ့ခဲ့ကြလို့ပဲဖြစ်ပါတယ်။
တစ်ခါတလေတော့လည်း အဲဒီလိုလန့်တာမဟုတ်ဘဲ၊ နိုင်ငံရေးအခြေအနအရ ချလုချလုဖြစ်နေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပျက်နာရီ (Doomsday Clock) ဆိုတာ ပေါ်လာရတာပါပဲ။ ကမ္ဘာပျက်နာရီဟာ ၁၉၄၇ခုနှစ်ကတည်းကစပြီး ပေါ်ခဲ့တာပါ။ 'ရှိခါးဂို' တက္ကသိုလ် (University of Chicago) က အဏုမြူသိပ္ပံပညာရှင်တစ်စု တည်ထွင်ပြီးဒီကနေ့ထိ ထိန်းသိမ်း လာခဲ့ကြတာဖြစ်ပါတယ်။ နာရီဟာ ည ၁၂နာရီထိုးဖို့ဘယ်နှမိနစ်လိုသေးသလဲဆိုတာကို အမြဲပြနေပါတယ်။ အဏုမြူစစ်ပွဲကြီးဖြစ်ပြီး ကမ္ဘာကြီးပျက်ဖို့ ဘယ်လောက်နီးနေပြီလဲဆိုတာကို
ပြတဲ့သဘောပါပဲ။
နာရီကို ၁၉၄၇ ခုနှစ်မှာကတည်းက ၁၂နာရီထိုးဖို့  ၇မိနစ်အလိုမှာထားပြီး စဖွင့်ခဲ့ကြတာပါ။ ၁၉၄၉ ခုနှစ်မှာ ဆိုဗီယက်က အဏုမြူဗုံးစပြီးစမ်းသပ်တော့ ၁၂နာရီထိုးဖို့ ၃မိနစ်အလိုကို ရှေ့ကိုတိုးထား လိုက်ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အမေရိကန်ကရော ဆိုဗီယက်ကပါ အဏုမြူဗုံးထက် ပြင်းထန်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေကို ကိုးလအတွင်း အပြန်ပြန်အလှန်လှန် စမ်းသပ်နေကြတော့ နာရီဟာ ၁၁နာရီ
၅၈မိနစ်ထိရောက်သွားပါပြီ။ ကမ္ဘာပျက်ဖို့ ၂မိနစ်ပဲလိုပါတော့တယ်။ ခုချိန်ထိကမ္ဘာပျက်ဖို့ အနီးဆုံးထိရောက်ခဲ့တဲ့အချိန်ပါပဲ။ တစ်ခါရွှေ့တိုင်း အကြောင်းအရာ၊ ဒါမှမဟုတ် အဖြစ်အပျက်တစ်ခုခုကို အခြေခံပြီး ရွှေ့ခဲ့ကြတာပါ။ ရှေ့တိုးနောက်ဆုတ်လုပ်ရတဲ့ အကြောင်းရင်းတွေကို အသေးစိတ်မဖော်ပြဘဲလိုရင်းလောက်သာ အကျဉ်းချုံးဖော်ပြရမယ်ဆိုရင်တော့ ၁၉၈၆မှာ ပြင်သစ်နဲ့ တရုတ်တို့
အဏုမြူဗုံး ၅၉၆ ကြိမ်ထိ စမ်းသပ်ကြတဲ့အချိန် (၁၁း၄၈ မှ ၁၁၅၃ ထိရှေ့ကို ၅ မိနစ်တိုး)။ ၂၀၀၇ မှာ မြောက်ကိုးရီးယားက အဏုမြူဗုံး စမ်းသပ်ဖောက်ခွဲလိုက်တဲ့အချိန်နဲ့ အီရန်က နျူကလီးယား စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သူ့ရည်ရွယ်ချက်တွေကို ထုတ်ဖော်ပြောလိုက်တဲ့ အချိန်တွေမှာ၊ (၁၁း၅၃ မှ ၁၁း၅၅ ထိ ရှေ့ကို ၂မိနစ်တိုး) တို့ ဖြစ်ကြပါတယ်။
အဲဒီလို ၁၂နာရီိထိုးဖို့ ရှေ့တိုးသွားခဲ့ကြသလို။ ၁၉၉၀ မှာ ဆိုဗီယက် ပြိုကွဲသွားတဲ့အချိန်မှာတော့ နာရီဟာ ၁၂ နာရီထိုးဖို့ ၁၇ မိနစ်အလိုထိနောက်ပြန်ရွှေ့သွားပါတယ်။ အခုအချိန်အထိ ကမ္ဘာပျက်ဖို့ အဝေးဆုံးအချိန်လည်းဖြစ်ခဲ့ပါတယ်။
နျူကလီးယားလက်နက်ကြီးတွေ ဖျက်သိမ်းရေးနဲ့ လျှော့ချရေး သဘောတူညီမှုစာချုပ်တွေကို လက်မှတ်ရေးထိုးကြတဲ့အချိန်၊ ဘာလင်တံတိုင်း ကျိုးကျတဲ့အချိန်တွေမှာ နာရီဟာ နောက်ပြန် ပြန်ဆုတ်သွားပါတယ်။ ၁၉၄၇ ခုနှစ်ကနေ ဒီကနေ့ထိ ၁၉ကြိမ်ရွှေ့ခဲ့ပြီးပါပြီ။ ၂၀၀၇ ခုနှစ်ကစပြီး နာရီကိုရွှေ့ရတဲ့အကြောင်းရင်းတွေထဲမှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုတွေနဲ့ အနုစိတ်ကမ္ဘာကို လေ့လာ တဲ့ဘာသာရပ်တွေကိုပါ ထည့်သွင်းတွက်ချက်လာကြပါပြီ။ ရာသီဥတုဖောက်ပြန်ရင် ကမ္ဘာပျက်နိုင်သလို၊ အနုစိတ်ကမ္ဘာကို လေ့လာတဲ့ပညာရပ်တွေ ထွန်းကားလာရင်လည်း လူတွေကပြောင်း ကပြန် ဖြစ်ကုန်နိုင်တယ်လို့ ယုံကြည်ကြလို့ပါပဲ။
အခုခေတ်မှာ အရင်တုန်းကအိမ်မက်ထဲမှာတောင် စိတ်ကူးမကြည့်ဖူးခဲ့တဲ့ တယ်လီဖုန်းမှာ (Smart Card) ကင်မရာမှာ (Memory Card) ဆိုတာတွေပေါ်လာပါပြီ။ (MP3,MP4) တို့လည်း ပေါ်လာပါပြီ။ ၁၅-၁၂-၂၀၀၀ ရက်နေ့မှာ (IBM U 8 MB) ရှိတဲ့ (USB Flash Drive) ကို ဈေးကွက်ထဲမှာ စရောင်းနိုင်ခဲ့ပါတယ်။ Micro ဆိုတာ ၁၀-၆ တစ်သန်းပုံ တစ်ပုံဖြစ်ပြီး၊ Nano ဆိုတာ ၁၀-၉ သန်းတစ်ထောင်ပုံတစ်ပုံဖြစ်ပါတယ်။ အဲဒီလောက်သေးငယ်တဲ့ အနုစိတ်ကမ္ဘာကို လေ့လာတဲ့ ဘာသာရပ်ကို (Nonotechnology) အတိုကောက် (Nanotech) လို့ခေါ်ကြပါတယ်။ ဒီလောက်သေးငယ်တာလေးတွေကို ကိုင်တွယ်ထိန်းချုပ်နိုင်တဲ့အတွက် အချက်အလက်တွေကိုလည်း ကြောက်ခမန်းလိလိ သိုမှီးလာနိုင်ပါတယ်။ ဒါ့ကြောင့် ၂၀၀၉ ခုနှစ် ၊ဇူလိုင်မှာ ပေါ်လာပြီး ၂၉၉ ဒသမ ၉၅ ဒေါ်လာပေးရတဲ့ ၂၅၆ GB Kingston Flash Drive ဟာ ဟိုတစ်နေ့က အကယ်ဒမီရသွားတဲ့ ရုပ်ရှင်ဇာတ်ကားမျိုး ၅၁ကားလောက်ကို သိုမှီးလာနိုင်တာဖြစ်ပါတယ်။
ဒီလက်မလောက်စာလေးကို ယူသွားပြီး ဘယ်နေရာရောက်ရောက်ကွန်ပျူတာထဲထည့် ကြိုက်တဲ့ကားကြည့်ရုံပါပဲ။ သိပ္ပံပညာရှင်တွေဟာ ဒီတိုးတက်မှုကို ၀မ်းလည်းသာရင်လည်း တမမနဲ့ကြည့်နေ ကြရတာပါ။ သီချင်းဂီတသာမက ဆေးပညာပါ မကျန်နေရာတိုင်းမှာ ဒီပညာကိုသုံးနေကြပါပြီ။ အနုစိတ်ကမ္ဘာနဲ့ပတ်သက်ပြီး လေ့လာတဲ့ဘာသာရပ်တေကို ဆေးပညာမှာအသုံးချလာတဲ့အခါ အံ့သြ တုန်လှုပ်စရာကောင်းတဲ့ ရလဒ်တွေကို တွေ့လာရပါတယ်။ အင်မတန်သေးငယ်တဲ့စက်ရုပ် (nanorobot) လေးတွေကို ခန္ဓာကိုယ်ထဲစေလွှတ်နိုင်မယ့်လမ်းစတွေတွေ့လာကြလို့ပါပဲ။
ဒီကလာပ်စည်း (celt) အရွယ်လောက်ပဲရှိတဲ့ စက်ရုပ်လေးတွေဟာ လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကင်ဆာဆဲလ်လေးတွေဆီသွားပြီး ပူးကပ်လိုက်ကြမယ်။ နောက်ပြီး အပြင်ကနေ သယ်လာတဲ့ အပူဓာတ်တွေနဲ့ ဓာတ်ကင်ပေးမယ်။ လိုအပ်ရင် ကလာပ်စည်းအကောင်းတွေကို မထိခိုက်စေဘဲ အဲဒီကင်ဆာဆဲလ်တွေကို အမှားအယွင်းအတိမ်းအစောင်းမရှိအောင် ဖျက်ဆီးပစ်လိုက်ကြမှာ ဖြစ်ပါတယ်။
နောက်ပြီး ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ အရေပြားရောဂါမှန်သမျှ ဆေးလိမ်းရုံနဲ့ မယုံကြည်နိုင်စရာကောင်းလောက်အောင် ချက်ချင်းပျောက်ကင်းသွားမှာတွေ၊ အရိုးအဆစ်တွေ ထိခိုက်ပျက်စီးသွား တဲ့အခါမှာ အရိုးနုလေးတွေပြန်ထွက်လာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေစသဖြင့် လူသားတွေအတွက်အလွန်အကျိုးထူးမယ့် နည်းလမ်းတွေကို သုတေသနလုပ်တဲ့ဟာလုပ်၊ တိရာစ္ဆာန်စမ်းသပ် တဲ့ဟာစမ်းသပ်၊ လူကိုစမ်းသပ်တဲ့ဟာ စမ်းသပ်၊ ဈေးကွက်ထဲမှာ ရောင်းခွင့်ရတဲ့ဟာ ရောင်းခွင့်ရနဲ့ ဖြစ်ကုန်ကြပါပြီ။
'သိကြားလက်နက် တစ်ဝက်ရက ကမ္ဘာပျက်လတ္တံ့' လို့ ရှေးလူကြီးတွေပြောခဲ့ကြသလို နည်းပညာတွေကြောင့် သိကြားလက်နက်ငါးပုံတစ်ပုံလောက်ကို လူတွေရနေကြပြီလို့ ဆိုရတော့မလိုဖြစ်နေ ပါတယ်။ ဒါ့ကြောင့်လည်း ကမ္ဘာပျက်နာရီကို ရွှေ့ကြရတဲ့အကြောင်းရင်းတွေထဲမှာ ဒီပညာကိုထည့်သွင်းတွက်ချက်ဖို့ စဉ်းစားလာကြတာပါပဲ။
ဒီပညာကို အခြေခံပြီး ပြုလုပ်ထားတဲ့ စက်ရုပ်တွေက အလိုလိုပုံတူတွေအများကြီး ပွားလာကြပြီး၊ ကမ္ဘာလောကကြီးထဲက သစ်တောတွေနဲ့ ငါးပုစွန်တွေကို အကုန်စားပစ်ကြလို့ကမ္ဘာပျက်သွားရတဲ့ ဇာတ်ညွှန်းတွေ ဇာတ်လမ်းတွေကိုလည်း ရေးနေကြပါပြီ။ ဒါ့ကြောင့် ကမ္ဘာ့ပျက်ခြောက်အိမ်မက်တွေကိုတော့ ကမ္ဘာနဲ့အ၀ှမ်းမက်နေကြတာကတော့ အမှန်ပါပဲ။
တကယ်ကမ္ဘာပျက်နိုင်သလား မပျက်နိုင်ဘူးလားဆိုတာကိုတော့ ကိုယ့်မှာရှိတဲ့ ဗဟုသုတနဲ့တွေးခေါ်စဉ်းစားနိုင်မှုကို အခြေခံပြီး စဉ်းစားကြရမှာပါ။ ၁၄-၁-၂၀၁၀ ရက်နေ့ကတည်းက ကမ္ဘာ့ပျက်နာရီ ၁၂ထိုးဖို့ ၆မိနစ်အလိုမှာပြနေခဲ့တာ ဒီနေ့ထိပါပဲ။ ၁၉၅၃ ခုနှစ်ပြခဲ့တဲ့ ၁၂နာရီ ၅၈မိနစ်နဲ့ နှိုင်းစာမယ်ဆိုရင် ညဘက်မှာ အိပ်ပျော်ရုံတင်မကဘူး၊ ဟောက်တောင်ဟောက်လို့ ရပါသေးတယ်။
ဒီအကြောင်းအရာနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စတစ်ခုကတော့ လယ်ပိုင်းအမေရိကားဖြစ်တဲ့ မက်ဆီကိုနဲ့ ဂွါတီမားလာတို့မှာ နေထိုင်ကြတဲ့ 'မိုင်းယာ' လူမျိုးတွေရဲ့ အတွေးအခေါ်အယူအဆကိစ္စပဲဖြစ်ပါ တယ်။ လူဦးရေ ခုနစ်သန်းလောက်ပဲရှိပြီး ရက်အင်ဒီးယန်းမျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ (ဘီစီ ၃၁၁၄) လောက်ကစပြီး နေလကြယ်တာရာတွေကို လေ့လာပြီး ပြက္ခဒိန် ဆွဲထားခဲ့ကြတာပါ။ သူတို့ပြက္ခဒိန်ဟာ ၂၀၁၂ မှာ ကုန်ဆုံးနေပါတယ်။ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်နေ့မှာ ကမ္ဘာပျက်ပြီး၊ ကမ္ဘာဦးခေတ်ကို ပြန်ရောက်မယ်လို့ ယုံကြည်နေကြသူတွေပါ။
တချို့ကလည်း အဲဒီနေ့မှာ ဂြိုဟ်တစ်ခုက ကမ္ဘာကိုလာတိုက်မယ်လို့ ပြောနေကြပါတယ်။ နောက်နေမင်းကြီးက အပူရှိန်အလွန်ပြင်းပြီး ကမ္ဘာကြီးပျက်မယ်လို့ ပြောနေကြသူတွေလည်းရှိပါတယ်။
ဂြိုဟ်တစ်ခုက ကမ္ဘာကိုဝင်တိုက်မှာကို မသိရအောင်က အခုခေတ်ကအရင်တုန်းကလိုမှ မဟုတ်တာဘဲ။ စကြ၀ဋ္ဌာကြီးထဲကို လက်လှမ်းမီသင့်သလောက် မီနေပြီပဲဥစ္စာ။ နောက်ပြီး နေမင်းကြီးရဲ့ အီကွေတာဟာ နေမင်းကြီးရဲ့ ၀င်ရိုးစွန်းတွေထက် လည်နှုန်းမြန်လို့ သံလိုက်စက်ကွင်းတွေ အပြောင်းအလဲဖြစ်ကုန်ပြီး နေမင်းကြီးဟာ အေးတဲ့အခါအေး ပူတဲ့အခါ ပူဖြစ်နေပါတယ်။
ဒါကိုလူတွေအသေးစိတ် သိနေတာပဲ။ သိပ်ပူလာရင် နေပေါ်မှာ အမည်းစက်တွေကိုတွေ့ရပါတယ်။ အဲဒီလို ၂၂နှစ်တစ်ခါ အစီအစဉ်တကျ အပူရှိန်ပြောင်းလဲနေတာကို ပြက္ခဒိန်လိုမျိုး အချိန်ဇယား တောင် လူတွေဆွဲထားနိုင်တာပဲဥစ္စာ။ ဘယ်လိုလုပ် နေအပူရှိန်ပြင်းပြီး ကမ္ဘာကြီး ပျက်နိုင်မှာလဲ။ ဒီလို ကောလဟာလ ဖြစ်နေရတာတွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေအမြဲရှိတယ်။ လူတွေ စိုးရိမ်သောကတွေများပြီး ပူပန်နေကြတဲ့ အချိန်အခါမျိုးမှာ စီးပွားရှာလို့ကောင်းတဲ့ လူတွေရှိနေကြလို့ပါပဲ။ လူ့စိတ်တွေ များများမတည်ငြိမ်လေ စီးပွားဖြစ်လေပါ။
ဒီအကြောင်းကို ပြောရင်းနဲ့တစ်ခါတုန်းက ဘကြီးပြောခဲ့ဖူးတဲ့ အဖြစ်အပျက်တစ်ခုကို ပြန်သွား သတိရမိပါတယ်။ ဂျပန့်ခေတ်တုန်းက ဘကြီးတို့ရွာမှာလူတစ်ယောက်ပျောက်နေတယ်။ လိုက်ရှာကြ ပေမယ့် မတွေ့ကြဘူး။ အဲဒီရွာထဲက စိတ်မနှံ့တဲ့လူတစ်ယောက်က 'ထောင်တဲ့လူကလည်း ထောင်၊ တိုးတဲ့လူကလည်း တိုးသကွာ' ဆိုပြီး တတွတ်တွတ်ပြောနေပါတယ်။
အဲဒါ လူကြီးတွေက မသင်္ကာလို့ချော့မေးတော့မှ အဲဒီစိတ်မနှံ့တဲ့လူလိုက်ပြလို့ ရွာအပြင်ကသစ်ပင်တစ်ပင်မှာ ပျောက်နေတဲ့လူကြိုးဆွဲချပြီး သေနေတာကိုတွေ့ကြရတော့တာကိုး။ ဘနဖူးကို သိုက်တူးနေကြတဲ့ ဒီခေတ်ကြီးထဲမှာ ထောင်တဲ့လူတွေကတော့ နေရာအနှံ့လိုက်ထောင်နေကြမှာပါပဲ။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်လိုပဲထောင်ထောင်၊ ယောင်တောင်ပေါင်တောင်နဲ့ ကိုယ်ဝင်မတိုး မိဖို့သာအဓိကပါ။
Ref: 1 Maynard.Andrew. The Twinkie Guide to Nanotech-nology
       2 "Doomsday Clock" Bulletin of the Atomic Scientists. 2007-01-17
နီမင်းဆွေ

0 comments:

Search Our Site