အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအတွက် အခြားဘာသာများကို မထိခိုက်စေဘဲ
ဗုဒ္ဓဘာသာ အပေါ် ဘာသာဝင်များ ယုံကြည်ချက် ခိုင်မာစေရန် သံဃာတော်များက
ဓမ္မ၀ိနယနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ဟု ဇူလိုင် ၁၀ ရက်က
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာ
တရားစဉ်နှင့်လုပ်ငန်းစဉ် ပြန့်ပွားရေးအဖွဲ့ချုပ်တွင် ကျင်းပသည့်
အမျိုးဘာသာသာသနာတော်ကို ဓမ္မ၀ိနယ နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်
မိုးကုတ်ဝိပဿနာ အဖွဲ့ချုပ် နာယက ဆရာတော်ကြီးများထံမှ သြ၀ါဒခံယူပွဲတွင် နာယက
ဆရာတော်ကြီးများက မိန့်ကြားသည်။
အဆိုပါ အခမ်းအနားသို့ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး
အဖွဲ့ချုပ်၏ ဓမ္မကထိက၊ ကမ္မဋ္ဌာနာစရိယ သံဃာတော် စုစုပေါင်းအပါး ၁၅၀ ကျော်
တက်ရောက်ခဲ့သည်။
နာယက ဆရာတော် ဦးအဂ္ဂဥာဏက "အမျိုး၊ ဘာသာ၊ သာသနာနဲ့ ပတ်သက်၍ ဟောပြောတဲ့အခါ
မည် သည့်ဘာသာကိုမျှ မထိခိုက်အောင် တစ်ပါးသူတွေကို စိတ်အနှောင့်အယှက်
မဖြစ်အောင်အထူးစောင့် စည်းပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို
ရှေ့တန်းထား၍ သက်ဝင်ယုံကြည်အောင် ဟောပြော ဖို့ လိုအပ်ပါတယ်။
တပည့်တော်တို့အားလုံး အစွန်းလွတ်အောင်နေပြီး ဖြောင့်မှန်သော တရားကို
ရှေးရှုပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်" ဟု မိန့်ကြားသည်။
နာယက ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက "နိုင်ငံရေးခေါင်းဆောင် တစ်ယောက်က
ပြောပါ တယ်။ ဘာလဲဆိုတော့ ကိုယ့်ဘာသာကနေ သူများဘာသာကို ပြောင်းသွားတာဟာ
ကိုယ့်ဘာသာအပေါ်မှာ ယုံကြည်ချက် မခိုင်မာလို့၊ ယုံကြည်ချက် ခိုင်မာနေတဲ့
ပုဂ္ဂိုလ်များအတွက် ဘယ်ဥပဒေမှ ထုတ်စရာ မလိုပါဘူး ဆိုပြီး ပြောသွားတာကို
တပည့်တော်တို့ တွေ့လိုက်ရပါတယ်။ ဒါဟာဟုတ်ပါတယ်။ ဘယ်ဘာသာပဲ ကိုးကွယ်
ကိုးကွယ် ယုံကြည်မှုပါပဲ။ ဘယ်လောက်ပဲ ဥပဒေတွေနဲ့တားတား ယုံကြည်မှု
မခိုင်မာရင် တခြားဘာသာ ပြောင်းသွားမှာပါ" ဟု မိန့်ကြားသည်။
ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး လူကြီးများကိုယ်တိုင် အသေအချာသိရှိသူ
ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ ဘာသာသာသနာနဲ့ ပတ်သက်ပြီး
သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏ စိတ်ထဲတွင် ဘာသာသာသနာနဲ့
ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည်မှု ရှိမှသာ သားသမီးများအား ပြန်လည်သွန်သင်
နိုင်မည်ဖြစ်ကြောင်း . . . . .
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က "ဘာသာတရားကို
ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှု
ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူကမှ လာလှုပ်လို့မရဘူး" ဟု ဇွန် ၂၅ ရက်
ပြည်သူ့လွှတ်တော် အစည်းအဝေး ရပ်နားစဉ် မီဒီယာများနှင့် တွေ့ဆုံစဉ်
ပြောကြားခဲ့သည်။
"ယုံကြည်မှု မခိုင်မာသေးတဲ့ ပုဂ္ဂိုလ်တွေကို ယုံကြည်မှုခိုင်မာအောင်
လုပ်ပေးရမှာ အရှင်ဘုရားတို့ တပည့်တော်တို့ရဲ့ အဓိက တာဝန်ပါ။
ကိုယ့်ဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘာသာသာသနာနဲ့ ပတ်သက်လို့ ခိုင်မာတဲ့
ယုံကြည်မှုဖြစ်အောင် ယုံကြည်မှု အပြည့်အ၀ ရရှိအောင် လုပ်ရပါမယ်။ ယုံကြည်မှု
ခိုင်မာအောင် လုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းက သံဃာပါပဲ။ ဘုရားတရားပေါ်
ယုံကြည်ချက် ခိုင်မာဖို့ တာဝန်သည် သံဃာတော် အရှင်သူမြတ်တွေဆီမှာပဲ ရှိတယ်။
အရှင်ဘုရားတို့ တပည့်တော်တို့ ပေါ့ပေါ့တန်တန် နေလို့ မရဘူး။ သံဃာတော်အရှင်
သူမြတ်တွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆုံးမစကားတွေ ပြောပေးရပါမယ်" ဟု နာယက
ဆရာတော်ကြီး ဒေါက်တာစန္ဒာဝရာဘိဝံသက ဆက်လက်မိန့်ကြားသည်။
ထိုသို့ ဆုံးမစကားများ ပြောကြားရာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး
လူကြီးများကိုယ်တိုင် အသေအချာ သိရှိသူ ရှားပါးသည့်အတွက် ကလေးရော လူကြီးပါ
ဘာသာသာသနာနဲ့ ပတ်သက်ပြီး သိအောင်လုပ်ဆောင် ပေးရမည်ဖြစ်ကြောင်း၊ လူကြီးများ၏
စိတ်ထဲတွင် ဘာသာသာသနာနဲ့ ပတ်သက်ပြီး ပြည့်ပြည့်၀၀ နားလည် မှု ရှိမှသာ
သားသမီးများအား ပြန်လည်သွန်သင်နိုင်မည်ဖြစ်ကြောင်း ဒေါက်တာစန္ဒာဝရာဘိဝံသက
မိန့်ကြား သည်။
လွန်ခဲ့သည့် နှစ်များအတွင်း ဘာသာသာသနာအတွက် လုပ်ဆောင်ခဲ့သည့် သံဃာတော်
အရှင်သူမြတ် အချို့သည် အဖွဲ့အစည်း အချို့၏ ခုတုံးလုပ်မှုကို ခံခဲ့ရကြောင်း၊
ထိုသို့ ခုတုံးလုပ်ခံခဲ့ရခြင်းမှာ လောက အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်
မလေ့လာခဲ့သည့်အတွက် ဖြစ်သောကြောင့် သံဃာတော်များ အနေဖြင့် ဒါယကာ၊
ဒါယိကာမများကို အသိဥာဏ် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရမည် ဖြစ်သကဲ့သို့
သံဃာတော်များ အနေဖြင့်လည်း လေ့လာမှုများ ပြုလုပ်သင့်ကြောင်း
ဒေါက်တာစန္ဒာဝရာဘိဝံသက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော်များအား
တိုက်တွန်းပြောကြားသည်။
နိဂုံးချုပ်တွင် ဆရာတော် ဒေါက်တာစန္ဒာဝရာဘိဝံသက "ကမ္ဘာအရပ်ရပ်က
တပည့်တော်တို့ကို ထင်ကြေးပေးနေတဲ့ ဘာသာရေး လူမှုရေး အကြမ်းဖက်
အစွန်းရောက်ဆိုပြီး စွပ်စွဲတယ်။ အဲဒါတွေကိုလည်း မဟုတ်ပါဘူးဆိုတာ
ပြောပေးနိုင်ရမယ်။ ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုမဖြစ်အောင် နေထိုင်ရပါမယ်။
ဘာသာသာသနာနဲ့ ပတ်သက်တဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ရမယ်။ အဲဒီလို
လုပ်မယ်ဆိုရင် တပည့်တော်တို့ သာသနာသည် တပည့်တော်တို့ လက်ထက်မှာ ဘယ်တော့မှ
ကွယ်ပျောက်မသွားနိုင် ဘူးဆိုတာ အပြည့်အ၀ ယုံကြည်ပါတယ်" ဟု မိန့်ကြားသည်။
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာနာယကအဖွဲ့၊
အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန်၊ သံဃာထု၏နောက်တွင်
ဥပဒေပညာရှင်များ အဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့်
ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်းတို့ဖြင့် ဆောင်ရွက်သွားကြရန်
သီတဂူ ဆရာတော် ဦးဥာဏိဿရက မိန့်ကြားထားသည်။
eleven media group