Ads

ကြော်ငြာ

Sunday, April 7, 2013



အိမ်သုံးမီတာခထဲမှာ မီတာထိန်းသိမ်းစောင့်ရှောက်ခ တစ်ထောင်ကျပ် ဆိုတာလစဉ် ဘာမဆိုင် ညာမဆိုင် ပါတယ်။

အိမ်သုံးမီတာတွေကို ဘယ်လျှပ်စစ်ဝန်ထမ်းကမှ ကြက်မွှေးနဲ့ တစ်ချက်လာမပွတ်ဘူး။ပင့်ကူအိမ်တစ်မျှင် လာမရှင်းဘူး။ သံဇကာတစ်ချပ် လာမကာဘူး။ သစ်သားအိမ်ခွံ လာမတပ်ဘူး။ပျက်ရင် ဘုရားပင့်သလို သူတို့ကို ပင့်ပြီး မုန့်ဖိုးလက်ဖက်ရည်ဖိုးပေးပြီး ပြင်ရတယ်။ ပြင်မရတော့လို့ ကိုယ့်ငွေနဲ့ကိုယ် အသစ်ဝယ်ရင်လည်း လုပ်ထုံးလုပ်နည်းဆိုလား စားပွဲပေါင်းများစွာကို မျက်နှာငယ်လေးနဲ့ ဖြတ်ပြီးမှ ရတာမျိုး။

အဲဒါကို မကျေနပ်ပေမယ့် သေနတ်နဲ့ချိန်ပြီး အုပ်ချုပ်ထားတဲ့ ကာလဆိုးများဆီက စခဲ့တာဆိုတော့ ဒီလိုပဲ အေးဓါးပြတိုက်ခံခဲ့ကြရတာ။ အခုထိ ရူးချင်ယောင်ဆောင်ပြီး ဆက်ယူနေတာ။

အခုတော့ လင်းပွင့်သာယာခြင်းဆီသို့ ဆိုလား။ ဒီတော့ ဒီကိစ္စ ဘယ့်နှယ်ရှင်းကြမလဲ။ ကျုပ်တို့လိုချင်လို့တောင်းတာ ဘာဖြစ်လဲ ဆိုတဲ့အချိုးတော့ ရတော့မယ်မထင်ဘူး။ မသိမသာ မှေးပြီး ဆက်ယူနေလို့လည်း ရတော့မယ်မထင်ဘူး။

လူငါးသန်းကျော်ရှိတဲ့ ရန်ကုန်ကိုပဲ စဉ်းစားကြည့်ရအောင်။ လူတစ်သန်းမှာပဲ မီတာရှိတယ်ထား။ မီတာ တစ်သန်း။ အဲဒါကို တစ်လုံး တစ်ထောင်နဲ့မြှောက်တော့ သန်းတစ်ထောင်။ တစ်နှစ်ဆို သန်းတစ်သောင်းနှစ်ထောင်။ ဒီပမာဏကို တစ်နိုင်ငံလုံးစာ မီတာတွေနဲ့ မြှောက်ကြည့်။

တစ်နှစ် တစ်နှစ် ပေးရတဲ့ ကြောက်စရာကောင်းလောက်အောင် များပြားတဲ့ ပြည်သူ့ချွေးနှဲစာတွေဟာ အရေးကြီးတဲ့ ကျန်းမာရေး ပညာရေးတွေ ရောက်မသွားဘဲ ဘယ်ရောက်သွားသလဲ - ဘယ်လောက်ကြောက်စရာကောင်းတဲ့ ယိုစီးမှုကြီးလဲဆိုတာ သိလာရမယ်။

အဓိပ္ပါယ်မဲ့ အေးဓါးပြတိုက်ခြင်း (သို့မဟုတ်) တရားဝင် ခိုးယူငွေ (သို့မဟုတ်) မီတာထိန်းသိမ်းစားရိတ်အမည်ခံ လစဉ်တစ်ထောင်ကျပ်ကို ဆန့်ကျင်ပါတယ်။ ဒီလောက် ခေတ်အဆက်ဆက် စားခဲ့သောက်ခဲ့ ၀ါးခဲ့မျိုခဲ့ရရင် တော်လောက်ကြပါပြီ။ ပြည်သူက ဆက်လက် လက်ခံတော့မှာ မဟုတ်ဘူး။ ဒီနေ့ကစပြီး ကန့်ကွက်ဆန့်ကျင်တယ်။

ရှယ်နိုင်တယ်။ ခွင့်တောင်းစရာမလိုဘူး။


1 comments:

Unknown said...

သူတို့အတွက်နောင်ဘဝအတွက် ကျွန်ဖြစ်ခပေးတယ်လို့သဘောထားလိုက်ပါ

Search Our Site