ခပ်ယဉ်ယဉ်ပြောရရင် လိင်လုပ်သား၊ ဒါမှမဟုတ် ပြည့်တန်ဆာတွေဟာ
နိုင်ငံ အသီးသီးရဲ့ ကန့်လန့် ကာနောက် ကွယ်က အမှောင်ထဲမှာ ခေတ်အဆက်ဆက် ရှိခဲ့ကြမှာ
ပါပဲ။ ဒီနိုင်ငံမှာလည်း မန္တလေး ရတနာပုံ မင်းနေပြည်တော်ကို ထူထောင်ခဲ့တဲ့
မင်းတုန်းမင်း တရားကြီး လက်ထက်ကတည်းက ပြည့်တန်ဆာ တွေရဲ့ ရပ်ကွက် ရှိခဲ့သလို
မင်းတရားကြီး ကိုယ်တိုင်လည်း ပတ်သက်ခဲ့တယ် ဆိုတဲ့ သုတေသီတချို့ရဲ့ စာပေ အထောက်အထား
တချို့ကို တွေ့ရပါတယ်။
ပြီးတော့ ရုပ်ဝတ္ထု ပစ္စည်းတွေ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ
သူတို့ရဲ့ကဏ္ဍဟာ အသွင်အမျိုးမျိုးနဲ့ ပိုကျယ်ပြန့်လာပါပြီ။ ဒါပေမဲ့ သေမင်းနဲ့
ထိပ်ပုတ်ခေါင်းပုတ် လုပ်နေရတဲ့ ရောဂါမျိုးနဲ့ လုံခြုံမှုနဲ့ အာမခံချက် မရှိတဲ့
ဘ၀မှာ သူတို့ဟာ ဘယ်လို စိတ်မျိုးနဲ့ ရှင်သန်နေနိုင်ကြသလဲ ဆိုတာ ဆန်းစစ်ချင် စရာ
ကောင်းနေပါတယ်။
အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းက အိပ်ခ်ျအိုင်ဗီ၊
အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေကြသူ တချို့ရဲ့ ပြောစကားအရတော့ ပြည့်တန်ဆာ
ဘ၀ရောက်ကြရတဲ့ သူတွေရဲ့ အနည်း ဆုံးထက် ၀က်ကျော်ဟာ ဆင်းရဲတွင်း နက်လွန်းလို့
ရောက်ကြရတယ်လို့ သုံးသပ်နိုင်ပါတယ်တဲ့။
ဆိုလိုတာက အနေအစားချောင်လို့ ပြည့်တန်ဆာ ဘ၀ကို ခံယူသူက
ရှိတော့ရှိပေမယ့် ဆင်းရဲလို့ဖြစ်ရတဲ့ သူလောက် အရေအတွက် မများပါဘူး။ ပြည့်တန်ဆာတွေ၊
အနှိပ်ခန်းတွေ၊ ကေတီဗီနဲ့ စင်တင်က မိန်းကလေးတွေကို အေ့ဒ်စ်နဲ့ ပတ်သက်ပြီး
ပညာပေးတာ၊ နှစ်သိမ့်ဆွေးနွေးတာတွေ လုပ်ပေးနေတဲ့ အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့က
လုပ်သက်ရင့် ၀န်ထမ်းဖြစ်တဲ့ အိန်ဂျယ်လေး (နာမည်လွှဲ) ကတော့ ပြည့်တန်ဆာတွေ
ကျက်စားတဲ့ နယ်ပယ်ကို လေးမျိုး လောက်ခွဲခြားနိုင်တယ်လို့ ပြောပါတယ်။
ဒါက ဘန်းစကားနဲ့ 'ဘိ' လို့ခေါ်တဲ့ သတ်သတ်မှတ်မှတ် နေရာတစ်ခုမှာ
'ခေါင်း' တွေရဲ့ အောက်မှာရှိသူတွေ၊ ဒုတိယက စင်တင်တချို့၊ နောက်ပြီး ဟိုတယ်
တည်းခိုခန်းတွေမှာ စတည်းချ သူတွေနဲ့ အလွတ်လပ်ဆုံး လှုပ်ရှားနိုင်သူတွေက
ကျုံးဘေးလို၊ လမ်းဘေးလို နေရာက ပြည့်တန်ဆာလို့ ဆိုပါတယ်။
ဒီနေရာမှာ တချို့ ပြည့်တန်ဆာတွေဟာ အခုအခါ အနည်းဆုံး ကျပ် ၅,၀၀၀
ကနေ ၁၅,၀၀၀ အထိ ပျမ်းမျှရကြလေ့ ရှိပေမယ့် 'ခေါင်း' ကို ပေးရတာနဲ့ ဘာမှ
မကျန်ပါဘူးတဲ့။ 'ခေါင်း' ကဖြတ်တာနဲ့ ဘာနဲ့ဆိုရင် တချို့ ပြည့်တန်ဆာတွေဆို
(တစ်ကြိမ်) ကို ကျပ် ၅၀၀ လောက်သာ ကျန်ပါသတဲ့။
"ရုပ်ရည်အရ ချို့ယွင်းချက် ရှိတဲ့သူတွေက 'ခေါင်း' အောက်မှာ
လုပ်ကြရ တာများတယ်။ ပြီးတော့ သူတို့ရဲ့လုံခြုံ မှု အတွက်လည်း ခေါင်းတွေအောက်မှာ
နေရင်း ဒီလိုခေါင်းပုံဖြတ်ခံပြီး လုပ်ကြ ရတာပဲ။ စီးပွားရေး လုပ်ဖို့ ဆိုတာလည်း
အရင်းအနှီးရှိမှ ဖြစ်တာလေ၊ စားဖို့ တောင်မှ တပိန်ပိန် တလိမ်လိမ် ဘ၀မှာ အမေပေးတဲ့
လယ်တစ်ကွက်နဲ့ ဒီလိုပဲ လုပ်စားကြရတာ" လို့ အိန်ဂျယ်လေး က ပြောပါတယ်။
သူကိုယ်တိုင်က မိန်းမလျာ တစ်ယောက်ဖြစ်ပေမယ့် တချို့
ပြည့်တန်ဆာတွေရဲ့ ဘ၀က သူတို့ ဘ၀ လောက်တောင် ကျေနပ်ပျော်ရွှင် စရာ မကောင်းဘူးလို့
ပြောပါသေးတယ်။ "ကျွန်တော် သူတို့ (ပြည့်တန်ဆာတွေ) ကွန်ဒုံး သုံးမသုံး၊
ခေါင်းတွေကို ခွင့်တောင်းပြီး ချောင်းကြည့် ဖူးတယ်။ ကွန်ဒုံး သုံးကြတယ်ဗျ။ ဒါပေမဲ့
သူတို့ကို ကြည့်ရတာ စိတ်ပျက်စရာပါ၊ မျက်လုံးတွေ ကြောင်တောင်တောင်နဲ့ လုံးဝကို
အသက်မဲ့တဲ့ သူတွေလိုပါပဲ" လို့ သူက ပြောပါတယ်။ သူ့အပြောအရ
လိင်ဆက်ဆံဖက်များတဲ့ ပြည့်တန်ဆာတွေဟာ သူ့ အန္တရာယ်ကို သူကြောက်လို့ ကွန်ဒုံး
သုံးဖို့ကြိုးစားကြတာများ တယ်လို့ သိရ ပါတယ်။
အန္တရာယ်ရှိပြီး ရောဂါဖြစ်နိုင် ခြေများတာက လိင်ဆက်ဆံဖက်
နည်းလို့ ကိုယ့်ကိုယ်ကိုယ် သန့်တယ်ထင်တဲ့ သူတွေလို့ ဆိုပါတယ်။
မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး HIV/ AIDS
Prevention and Care Centre အဖွဲ့က ဒေါ်ဖြူဖြူသင်း ကတော့ သူတို့
လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားအရ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ်ရောဂါဖြစ်နှုန်းက
ပိုမြင့်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။
"ကျွန်မတို့ အဖွဲ့ စလှုပ်ရှားဖြစ်တာ ၂၀၀၂ ကပါ။ ၂၀၀၄
ခုနှစ်နောက်ပိုင်း မှာ ရောဂါဖြစ်ပွားနှုန်း ပိုမြင့်လာတာမှာ ၂၀၁၀ မှာ အယောက် ၈၀၊
၂၀၁၃ ခုနှစ် မှာ အယောက် ၃၀၀ ကျော်အထိ တွေ့လာရပါတယ်။ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့
လုပ်နေတယ် ဆိုပေမယ့် မသိ သေးတာတွေ အများ ကြီးရှိနေဦး မှာပါ။ ပွင့်ပွင့်လင်းလင်းသာ
လုပ်နိုင်မယ် ဆိုရင် ဒီထက် အဆများစွာ များနေနိုင်ပါတယ်" လို့ ပြောပါတယ်။
ကွန်ဒုံးကို လက်ဝယ် တွေ့ ရင်၊ ဆောင်ထားရင် တရားရုံးရောက် ကြရလို့ ပြည့်တန်ဆာတွေဟာ
ကွန်ဒုံးကို အန္တရာယ် တစ်ခုလို မြင်လာကြောင်းလည်း ပြောပါတယ်။ ကွန်ဒုံး သုံးသင့်တာ
သိပေမယ့် ပြည့်တန်ဆာတွေမှာ တောင်းဆို ပိုင်ခွင့် ငြင်းဆန် ပိုင်ခွင့်
မရှိတာတွေဟာလည်း ရောဂါဖြစ်နှုန်းကို မြင့်စေတာပါပဲ။ ဒီအနေအထားမှာ
သူတို့ရဲ့လုံခြုံမှုအတွက် တစ်ဖက်မှာ တရားဝင် လုပ်ကိုင်နိုင်မယ့် 'လိုင်စင်' ကို
တချို့ပြည့်တန်ဆာတွေက လိုလား ကြတယ်လို့ ဆို ပါတယ်။
လိုင်စင်ရှိခြင်း အားဖြင့် ကျီးလန့်စာစား မဖြစ်တော့ဘဲ
သူတို့လှုပ် ရှားတဲ့နေရာတွေမှာ လုံခြုံမှု ရနိုင်တယ်လို့ အိန်ဂျယ်လေးက ပြောပါတယ်။
"တစ်ယောက်က ခေါ်သွားပေမယ့် ဟိုရောက်မှ တစ်ယောက်မကဘဲ အုပ်စု လိုက် လေး၊
ငါးယောက် ဖြစ်နေတာ၊ ပိုက်ဆံ အပြည့်မပေးတာ၊ ကိုယ်ထိ လက်ရောက် ရိုက်တာမျိုးအပြင်
ပိုက်ဆံ လုံးဝ မရလိုက်တဲ့ အဖြစ်မျိုးတွေလည်း ပြည့်တန်ဆာတွေ ကြုံရတတ်ပါတယ်။
လိုင်စင်ရှိရင် ပိုလုံခြုံမယ်။ လိုင်စင်လုပ်တာဟာ ဒါမျိုး
လုပ်စားနေပါတယ် ဆိုပြီး ပေါ်တင်ပြနေမှာမျိုး မဟုတ်ပါဘူး။ သွေးစစ်ပြီး ရောဂါကင်းရင်
လိုင်စင် လုပ်ပေးပေါ့၊ ကားတွေ လိုင်စင်လဲသလို ကာလ အပိုင်းအခြားနဲ့ လုပ်ရမှာပေါ့။
အင်န်ဂျီအို အဖွဲ့တွေ အားလုံး ပူးပေါင်း လုပ်ရင် ဘယ်သူမှ မလွတ်နိုင်ပါဘူး၊ တချို့က
ကိုယ့်ကိုယ်ကိုယ် ပိုးရှိတာလည်း မယုံတာမျိုး ရှိတယ်" လို့ သူက ပြောပါတယ်။
လိုင်စင် ကိစ္စကို တစ်ဖက်မှာ လုပ်သလို ဒီဘ၀က
ရုန်းထွက်ချင်သူတွေကိုလည်း အလုပ်အကိုင် အခွင့်အလမ်း တွေဖန်တီးပေးဖို့
အရေးကြီးကြောင်း ဒေါ်ဖြူဖြူသင်းက သုံးသပ်ပါတယ်။ "လိင်လုပ်သားတွေ အနေနဲ့ အကူ
အညီမဲ့ နေပါတယ်။ သူတို့အတွက် ဥပဒေအရလည်း အားနည်းတော့ အခြေအနေ ဆိုးတယ်လို့ ပြောလို့
ရပါတယ်။ နိုင်ငံမှာ အပြောင်းအလဲတချို့ လုပ်ဆောင်နေပေမယ့် လိင်လုပ်သားတွေနဲ့
ပတ်သက်ပြီး ထူးထူးခြားခြား ပြောင်းတာ မတွေ့ရသေးပါဘူး။ အားမရသေးပါဘူး" လို့
သူက ဆိုပါတယ်။
ပြည့်တန်ဆာတွေရဲ့ ဘ၀မှာ ကြားရတာတွေ ကလည်း စုံပါတယ်။ အသက်
မပြည့်သေးတဲ့ သမီးကို နှစ်သိန်း၊ သုံးသိန်းရရင် ထည့်ပေးလိုက်တဲ့ အမေ တွေရှိနေသလို
ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်တိုင်မြင်ဖူး ကြားဖူးခဲ့ ပါတယ်။ ပြည့်တန်ဆာလောကမှာ
'အသစ်' လို့ ထင်အောင် သွေးဆွတ်ထားတဲ့ ဂွမ်းကို သားအိမ်အစပ်ထိ ထိုးထည့်ပြီး
အင်္ဂါဇာတ်ကို ကျောက်ချဉ်စိမ်တာမျိုး ခေတ်စား သလို 'အသစ်' ကြိုက်တဲ့သူတွေ
အညာမိနေတာလည်း ရှိကြောင်း အိန်ဂျယ်လေး ကပြောပြီး ဒါတွေဟာလည်း ကူးစက်ရောဂါနှုန်း
များစေတဲ့ အချက်တွေထဲက တစ်ခုပါတဲ့။
www.mmdailystar.com
0 comments:
Post a Comment