Sunday, April 28, 2013
ထိုင်းနိုင်ငံရှိ ATM များမှတစ်ဆင့် မြန်မာသို့ ငွေလွှဲဝန်ဆောင်မှုစတင်
ထိုင်းနိုင်ငံရှိ Siam Commercial Bank (SCB) ၏ ATM (အလိုအလျောက် ငွေထုတ်စက်) များမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုကို စတင်နေပြီ ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင်က The Voice သို့ ပြောကြားသည်။
ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများက ၄င်းတို့၏ မိသားစုများကို ငွေပြန်လွှဲပို့ရာတွင် ပိုမိုလွယ်ကူစေရန် အဆိုပါဝန်ဆောင်မှု စတင်ခြင်းဖြစ်ပြီး ငွေလွှဲဝန်ဆောင်မှု တစ်ကြိမ်လျှင် ဘတ် ၂၀၀ (ကျပ် ၆၀၀၀ ခန့်) ကျသင့်မည်ဖြစ်ကြောင်း Bangkok Post သတင်းအင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ငွေလွှဲခနှုန်းထားကိုမူ လာမည့် တနင်္လာနေ့မှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ဦးသန်းလွင်က ပြောဆိုသည်။
“သဘောတူ လက်မှတ်ထိုးတာက ရှစ်လလောက်ရှိပါပြီ၊ လုပ်ငန်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်နေလို့ အခုမှ စနိုင်တာပါ” ဟု ၄င်းက ပြောကြားသည်။
ATM ကို အသုံးပြု၍ ဂျပန် အခြေစိုက် Seven ဘဏ်မှတစ်ဆင့် မြန်မာ နိုင်ငံအတွင်းရှိ Western Union နှင့် ချိတ်ဆက်ထားသော ပြည်တွင်းဘဏ်များ ငွေလွှဲနိုင်သည့် ဝန်ဆောင်မှု ပြီးခဲ့သည့် နှစ်လကျော်က စတင်ပြီးနောက် ထိုင်း SCB နှင့်ချိတ်၍ ATM မှ တစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
ATM များမှာ ထိုင်းနိုင်ငံ နေရာ အနှံ့တွင် တည်ရှိသောကြောင့် ဘဏ်သို့ သွားရန်မလိုဘဲ ဘဏ်ပိတ်ရက်များတွင်ပါ ငွေလွှဲပို့နိုင်သော်လည်း ထိုင်းရောက် အချို့ မြန်မာအလုပ်သမားများမှာ ဘဏ်အသုံး မပြုတတ်ခြင်းနှင့် တရားမဝင် အလုပ်လုပ်ကိုင်နေသူ များပြားခြင်း တို့ကြောင့် အခက်အခဲရှိနိုင်ကြောင်း ထိုင်းနှင့် မြန်မာ နယ်စပ် ကော့သောင်းအခြေစိုက် ပြင်ပ ငွေလဲလှယ်ရေး လုပ်ကိုင်နေသူတစ်ဦး က ဆိုသည်။
ပြင်ပငွေလွှဲလုပ်ငန်း များသည် ငွေလွှဲမည့်သူ အလုပ်လုပ်သည့် နေရာများရှိ ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေလက်ခံ ပေးကာ မြန်မာနိုင်ငံရှိ နေအိမ်အရောက် ငွေပို့ပေးပြီး ကျပ်တစ်သိန်းလျှင် ငွေလွှဲခ ကျပ် ၂၀၀၀ ဝန်းကျင်ခန့် ယူကြောင်း ပြင်ပ ငွေလွှဲဈေးကွက်အတွင်း စုံစမ်းသိရှိရသည်။
ATM စက်မှ ငွေလွှဲခြင်းဆိုသည်မှာ ငွေလွှဲပုံစံကို ယင်းစက်အတွင်း၌ပင် ရေးသားဖြည့်စွက်၍ ငွေလွှဲပို့ခြင်း ဖြစ်ပြီး ATM ကတ်မှ လွှဲငွေပမာဏနှင့် ဝန်ဆောင်ခ ကို ငွေကို နုတ်ယူသည့်စနစ်ဖြစ်သည်။
Siam Commercial Bank (SCB) ၏ မြန်မာပြည်ရုံးခွဲကို ယမန်နှစ် နိုဝင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး အာရှစိမ်းလမ်းမှုဖွံဖြိုးမှုဘဏ်၊ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ သမဝါယမဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် တို့နှင့် ချိတ်ဆက်လုပ်ကိုင်လျက် ရှိသည်။
TheVoiceWeekly
Search Our Site
Powered by Blogger.
0 comments:
Post a Comment