Tuesday, March 19, 2013

မြစ်ဝကျွန်းပေါ်ဒေသမှ နိုင်ငံတော်သမ္မတဖြစ်လာသူ


နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစွာ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်သည် ၁၉၇၄ ခုနှစ်မှနောက်ပိုင်း  သြစတေးလျနိုင်ငံသို့ပထမဦးဆုံးရောက်ရှိခဲ့သည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီးနိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အမည်စာရင်း၌ တင်သွင်းခြင်းခံထားရသူမြန်မာ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။
၂၀၁၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ဖြင့် နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက်ပိုင်းနိုင်ငံရေး /စီးပွားရေးပြုပြင်ပြောင်းလဲမှု   ပေါင်းများစွာ ဆောင်ရွက်ခဲ့သောအကျိုးဆက်ရလာဒ်အနေဖြင့် သမ္မတ ဦးသိန်းစိန်ကို   နိုင်ငံတကာအသိုင်းအ၀ိုင်းကတဖြည်းဖြည်း လက်ခံကြိုဆိုလာခြင်းဖြစ်သည်။

မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌နောက်ကြောင်းပြန်လှည့်စရာအကြောင်းမရှိဟု ၆၇ နှစ် အရွယ်ရှိဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်က လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်းနယူးယောခ်မြို့၌  ကျင်းပခဲ့ သည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင်အလေးအနက်ထားပြောကြားခဲ့သည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာလွှတ်ပေးခဲ့သလို သမိုင်းတွင်မည့် ပါလီမန် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပြီးအစိုးရအဆက်ဆက်ပိတ်ထားခဲ့သည့် သတင်းစာလွတ်လပ်ခွင့်ကို ပါ ဖြေလျော့ပေးခဲ့သည်။
တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းအပေါ်သို့ ရောက်အောင်ဆောက်ရွက်ခဲ့သည့်အတွက် ယခုနှစ် နိုဘယ် ငြိမ်းချမ်းရေးဆုရှင်အမည်စာရင်း၌လည်း သမ္မတဦးသိန်းစိန်အမည်စာရင်းတင်သွင်းသည်အထိ ဖြစ်လာသည်။
ထိုသို့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမည်စာရင်း တင်သွင်းခံထားရသည့်သမ္မတဦးသိန်းစိန်က အနာဂတ် မြန်မာ့ နိုင်ငံရေးခရီးတွင် မြန်မာ့တပ်မတော်မှာအဓိကအခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ကိုလည်း ပြောဆိုထားသူ ဖြစ်သည်။
၁၉၄၅ ခုနှစ်တွင် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ ကျေးလက်ရွာလေးတစ်ရွာတွင်မွေးဖွားခဲ့သော ဦးသိန်းစိန်သည် သာမန်အညတရ မိသားစုလေးမှ ဆင်းသက်လာခဲ့သူတစ်ဦးဖြစ်သည်။ သူ့၏ဖခင်မှာ   နှီးဖျာရက်၍ မိသားစုကိုရှာဖွေကျွေးမွေးခဲ့သူဖြစ်ပြီး ဇနီးကွယ်လွန်ပြီးနောက် သာသနာ့ဘောင်သို့ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
ဦးသိန်းစိန်သည် စစ်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပြီးနောက်တဖြည်းဖြည်းနှင့် တပ်မတော်တွင် ရာထူးအဆင့်ဆင့်တိုးမြင့်ခြင်းခံခဲ့ရသူဖြစ်သည်။
၁၉၉၀ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်ဖြစ်လာပြီးနောက် ယုံကြည် စိတ်ချရသည့်တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဘ၀သို့ရောက်ရှိလာသည်။
ဦးသိန်းစိန်သည် ၂၀၀၄ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖွဲ့၏ ပထမဦးဆုံးသော အတွင်းရေးမှူးဖြစ်လာပြီးထိုစဉ်က ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးစိုးဝင်းကျန်းမာရေးချို့ယွင်းလာသည့်အချိန် ၂၀၀၇ ခုနှစ်တွင် ၀န်ကြီးချုပ် တာဝန်အားထမ်းဆောင်ခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရာ၌အမျိုးသားညီလာခံဥက္ကဋ္ဌအဖြစ် အဓိက အခန်းမှ ပါဝင်ခဲ့သည့် အပြင် အာဆီယံနှင့်ကုလသမဂ္ဂ အစည်းအဝေးများတွင် မြန်မာနိုင်ငံအကြီးအကဲ အဖြစ် ကိုယ်စားပြုတက်ရောက်ခဲ့သူ လည်းဖြစ်သည်။
အနှစ် ၂၀ အတွင်းပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ၌ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် ဦးသိန်းစိန်သည်နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။

နိုင်ငံတော်သမ္မတဖြစ်လာပြီးနောက် ဦးသိန်းစိန်သည် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့သော နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ကြပြီးဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာလည်း နိုင်ငံရေး နယ်ပယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။


Myit Makha Mediagroup

0 comments:

Post a Comment

Search Our Site