မြန်မာနိုင်ငံသို့ သြစတြေးလျက ဒေါ်လာ သန်း ၂၀ ထောက်ပံ့သွားရန် ကြေညာမည်
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက်
ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ သြစတြေးလျအစိုးရသည်
မြန်မာနိုင်ငံသို့ ၂ နှစ်ကြာမြင့်မည့် ထောက်ပံ့ရေးအစီအစဉ်အရ ဒေါ်လာသန်း၂၀
ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသမ္မတ
ဦးသိန်းစိန်သည် ၁၉၇၄ မှစ၍ သြစတြေးလျသို့ ပထမဆုံးလာရောက်သော
နိုင်ငံ့အကြီးအကဲအဖြစ် ရောက်လာခဲ့ပြီးနောက် ကင်ဘာရာတွင်
ဝန်ကြီးချုပ်ဂျုလီယာဂေးလော့ဒ်နှင့် တွေ့ဆုံကာ
နှစ်နိုင်ငံဆက်ဆံရေးအတွက်ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့သည်။ ကင်ဘာရာတွင်
မြန်မာသံရုံးပြင်ပနှင့် အဆောက်အအုံပြင်ပ၌ လူ့အခွင့်အရေးလှုပ်ရှား
တက်ကြွသူများက မြန်မာနှင့် သြစတြေးလျနှစ်နိုင်ငံစလုံးသည်
လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုနေကြောင်း ဆန္ဒပြခဲ့ကြသည်။
ဆွေးနွေးမှုအပြီး နှစ်ဖက်ခေါင်းဆောင်များ ပြုလုပ်သော
ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် သမ္မတဦးသိန်းစိန်က ၎င်းသည် မြန်မာနိုင်ငံတွင်
လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပူပန်မှုများရှိနေသည်ကို
သဘောပေါက်နားလည်ကြောင်း၊ သို့သော် တိုင်းပြည်သည် ငြိမ်းချမ်းရေးသို့
အပြောင်းအလဲကို ဖန်တီးနေကြောင်း ဆိုသည်။ “ကျွန်တော်တို့ လုပ်ဆောင်နေတာ
ခေတ်သစ်ကာလထဲမှာ ထုံးစံမရှိတဲ့ကိစ္စပါ”ဟု ၎င်းကပြောကြားသည်။
သြစတြေးလျဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံတွင်
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် လူ့အခွင့်အရေး တိုးတက်ရေးအတွက်
လုပ်ဆောင်ရမည့်အရာများ ရှိနေကြောင်း၊ သို့သော် “ကျွန်မတို့ဟာ(မြန်မာမှာ)
မှတ်သားလောက်တဲ့ အပြောင်းအလဲပမာဏတွေ ဖြစ်ခဲ့တာကို အလွန်လေးစားမိပါတယ်။
နောက်ထပ် တိုးတက်မှုအတွက် ကျွန်မတို့ အကောင်းမြင်ပါတယ်”ဟု ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးချုပ်က မြန်မာနိုင်ငံသို့ ဒေါ်လာသန်း ၂၀
ထောက်ပံ့မည့်အကြောင်း ကြေညာခဲ့ပြီး ရန်ကုန်မြို့တွင် အခြေစိုက်မည့်
စစ်သံမှူး အတွင်းဝန်နေရာနှင့် ကုန်သွယ်ရေးကော်မရှင်နာ ရာထူးများကို
ခန့်အပ်ကြောင်းလည်း ကြေညာခဲ့သည်။
သို့သော် စစ်သံမှူးနေရာ
ခန့်အပ်ခြင်းမှာ မြန်မာအစိုးရနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ
ပုံမှန်ဆောင်ရွက်တော့မည်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း၊ ဤအချက်မှာ အရေးပါသော
ပထမခြေလှမ်းသာဖြစ်၍ အနာဂတ်တွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများဆီ
ဦးတည်နိုင်ကြောင်း ပြောသည်။
သြစတြေးလျ၏ ၂ နှစ်တာကြာမြင့်မည့်
ဒေါ်လာသန်း ၂၀ ထောက်ပံ့ရေးအစီအစဉ်တွင် မြန်မာလူ့အခွင့်အရေး ကော်မရှင်အတွက်
ရန်ပုံငွေထောက်ပံ့ခြင်း၊ မြန်မာဝန်ကြီးများကို သြစတြေးလျသို့ ခေါ်ယူ၍
သြစတြေးလျ သတ္တုတွင်းလုပ်ငန်း ကျွမ်းကျင်ပညာရှင်များထံမှ အတွေ့အကြုံများ
ရယူနိုင်ရေးအတွက် ခရီးစဉ်များ စီစဉ်ခြင်းတို့အတွက် ပါဝင်ကြောင်း သိရသည်။
-Ref: The Age
0 comments:
Post a Comment