From : ပြည်သူ့ အာဏာ
အမျိုးဘာသာသာသနာ
စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲအား မန္တလေးမြို့ရှိ
မဟာအတုလဝေယန် ကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော်
အပါးသုံးသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ဇန်န၀ါရီ ၁၅ ရက်က မန္တလေးမြို့တွင်
ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ရန်ကုန်မြို့ရှိ
အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်မှ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့
(ဗဟို) ဥက္ကဋ္ဌ၊ နိုင်ငံတော် သြ၀ါဒစရိယ၊ အဂ္ဂမဟာပဏ္ဍိတ အရှင်တိလောကဘိဝံသ၊ သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ မဟာနာယကချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊
ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ၊ မန္တလေးမြို့မှ
ဆရာတော်ကြီးများ၊ မြန်မာနိုင်ငံအတွင်းရှိ ဆရာတော်၊ သံဃာတော်များ စုစုပေါင်း
သံဃာတော်ဦးရေ သုံးသောင်းကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား
မွန်းလွဲ ၁ နာရီခန့်မှ စတင်ခဲ့ပြီး အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို
ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာကြသည့် ဆရာတော်များက ၂၀၀၇ ရွှေဝါရောင်
သံဃာ့အရေးအခင်းတွင် ကျဆုံးသွားခဲ့သည့် သံဃာတော်များ၊ ၂၀၁၂ ခုနှစ်အတွင်း
ဖြစ်ပွားခဲ့သည့် ရခိုင်အရေးအခင်းတွင် ကျဆုံးသွားခဲ့ရသည့်
ရဟန်းပြည်သူများနှင့် ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းများတွင်
အသက်စွန့်ခဲ့ ကြရသည့်သူများအတွက် စက္ကန့် ၃၀ ခန့် ငြိမ်သက်ကာ
တရားနှလုံးသွင်းခဲ့ကြသည်။
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့
ဖွဲ့စည်းခြင်းနှင့် သြ၀ါဒခံယူပွဲတွင် တက်ရောက်လာခဲ့သည့် သီတဂူဆရာတော်
ဒေါက်တာအရှင် ဉာဏိဿရက “ဗုဒ္ဓဘာသာကို ကိုးကွယ်နေကြတဲ့ ဗမာလူမျိုးတွေဟာ
မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြတာ အခြားဘာသာတွေထက် စောပါတယ်။ ဒါကြောင့်
အိမ်ရှင်ဖြစ်သူကို ရိုသေလေးစားကြဖို့ လိုအပ်တယ်။ ဥပမာပြောရရင်
ဧရာဝတီမြစ်ကို ပြောရမယ်။ ဧရာဝတီဟာ မေခ၊ မေလိခကနေ မြစ်ဖျားခံ စီးဆင်းခဲ့တယ်။
ဧရာဝတီမြစ်ထဲမှာ မေခ၊ မေလိခ၊ ရွှေလီ၊ ဒုဋ္ဌ၀တီ၊ ချင်းတွင်း စတဲ့မြစ်တွေဟာ
ဧရာဝတီမြစ်ထဲမှာပဲ ပေါင်းဆုံစီးဆင်း သွားကြတယ်။ ဧရာဝတီမြစ်ထဲကို
ပေါင်းစုံစီးဆင်းသွားတဲ့ အချိန်မှာ အားလုံးရဲ့ မြစ်တွေနာမည် မရှိတော့ဘူး။
တူညီတာတစ်ခုကတော့ အားလုံးရေအဖြစ်နဲ့ ပေါင်းစုံစီးဆင်းသွားကြတယ်။
စုပေါင်းညီညာမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှာပါ။ ဒါကြောင့် ဧရာဝတီစိတ်ဓာတ်
ထားကြပါလို့ ပြောချင်ပါတယ်” ဟု မိန့်ကြားသည်။
အင်းစိန်ရွာမ ပရိယတ္တိ
စာသင်တိုက်မှ ဆရာတော် အရှင်တိလောကဘိဝံသက “အမျိုးဘာသာ သာသနာအတွက်
အမျိုးစောင့် ဥပဒေကို လွှတ်တော်ကနေတစ်ဆင့် ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။
ရန်ကုန်မှာလုပ်ခဲ့တဲ့ အမျိုးဘာသာသာသနာအတွက် မျိုးစောင့်ဥပဒေမှာ ပါဝင်တဲ့
အချက်ကိုးချက်ကိုလည်း ထောက်ခံပေးဖို့ လိုအပ်ပါတယ်” ဟုလည်း မိန့်ကြားသည်။
အဆိုပါ
အခမ်းအနားတွင် တက်ရောက်လာကြသည့် ဆရာတော်ကြီးများနှင့် သံဃာတော်များက
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး၊ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးတို့ကို
သဘောတူညီခဲ့ကြပြီး ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် အမျိုးဘာသာသာသနာ
စောင့်ရှောက်ရေးပွဲမှ သဘောထားများအား ထောက်ခံသဘောတူညီခဲ့ကြပြီးနောက်
အတုမရှိ သံဃာ့ညီလာခံကြီး၏ သဘောထားကြေညာချက် ၁၀ ချက်ကို
ထုတ်ပြန်ကြေညာခဲ့သည်။
Search Our Site
Powered by Blogger.
0 comments:
Post a Comment