ကလေးစစ်သား တရားမဝင် ရောင်းဝယ်မှု စိတ်ဓါတ်ကျစရာ ဖြစ်ဆဲပင်
မြန်မာနိုင်ငံတွင်း ကလေးစစ်သား အသုံးပြုမှုနှင့်ပတ်သက်၍ ဆယ်စုနှစ် တခုစာမျှ
ကျနော် လေ့လာ သုတေသန ပြုခဲ့ပါသည်။ ကျနော်တွေ့ဆုံမေးမြန်းခဲ့သောကလေးမျာတွင်
စစ်ထဲ အတင်းအကြပ် ဝင်ခိုင်းစဉ်က အသက် ၁၁ နှစ်မျှသာ ရှိသေးသော ကလေးများလည်း
ပါဝင်သည်။ ကနဦးတွင် အစိုးရက သူတို့အနေဖြင့် ကလေးစစ်သားအသုံးပြုမှု လုံးဝ
မရှိပါဟု အပြတ်ငြင်းဆိုခဲ့သည်။ ကလေးများကို အများအပြား စနစ်တကျ စစ်သားစု
ဆောင်းမှုပြုလုပ်ခဲ့သည်ကို သက်သေ အထောက်အထားများ ရှိနေလင့်ကစား ထိုသို့
ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။
မကြာသေးမီကမူ ထိုပြဿနာ ရှိနေကြောင်း
ဝန်ခံခဲ့သည့်အပြင် ယခုနှစ်ကုန်တွင် အဆိုပါ ကလေးများ အားလုံးကို တပ်မှ
ထွက်ခွင့်ပေးပါမည်ဟု ကုလသမဂ္ဂနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ သို့သော်
အသက် မပြည့်သေးသော ကလေးများကို တရားမဝင် မှောင်ခို ရောင်းဝယ်မှုများ
ရှိနေသေးသည့် သက်သေ အထောက်အထားများ ရှိနေသည့် အတွက် ယင်းမှာ ကြီးမားသော
ပြဿနာတရပ်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
လက်နက်ကိုင်
တပ်ဖွဲ့များတွင်းသို့ အသက် ၁၈ နှစ်အောက် ကလေးများကို စုဆောင်းခြင်း မပြုရန်
မြန်မာဥပဒေက အတိအလင်း တားမြစ်ထားသည်။ သို့သော် စစ်သားစု
ဆောင်းသူများအနေဖြင့် အထက်ဌာနချုပ်များမှ ဖိအားကြောင့် သတ်မှတ်ဦးရေ
ပြည့်မီရန် စုဆောင်းနေရဆဲ ဖြစ်သည်။ သို့မှသာ ကြီးမားသော စစ်ပြေးဦးရေကို
ကာမိမည် ဖြစ်သည်။ ထိုသို့ သတ်မှတ်ထားသော ဦးရေ ပြည့်မီရန်အတွက်
အဂတိလိုက်စားသော အရပ်ဘက် အုပ်ချုပ်ရေးအရာရှိများနှင့် ပေါင်းကာ
စာရွက်စာတန်း အတုများ ပြုလုပ်ကြသည်။ သို့တည်းမဟုတ် တရားမဝင်
ဝယ်ယူရရှိထားသော သက်သေခံ လက်မှတ်များဖြင့် အသက်မပြည့်သေးသော ကလေးများကို
မကြာခဏပင် တပ်တွင်းသို့ အဓမ္မ သွတ်သွင်းကြသည်။ ဤစနစ် ဖွံ့ဖြိုးလာရခြင်းမှာ
တပ်မှူးများအနေဖြင့် တခုနှင့်တခု ဆန့်ကျင်ပဋိပက္ခဖြစ်နေသော အမိန့်များကို
မည်သို့ အကောင်အထည် ဖော်ရမည် မသိခြင်းကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံ
တဝှမ်းလုံးရှိ အောက်ခြေတပ်များကို ပေးထားသော အမိန့်မှာ မိမိတပ်ရှိ
တပ်ဖွဲ့ဝင် အင်အား များများရှိနေစေရန် ဖြစ်ပြီး တဘက်တွင်လည်း
ကလေးစစ်သားများကို အဓမ္မ မသွတ်သွင်းရဟု ဆိုထားသည်။ တပ်အများစုကတော့
တပ်ဖွဲ့ဝင် အင်အား အများကြီးရှိနေဘို့မှာ သူတို့ မဖြစ်မနေ လုပ်ရမည့်အလုပ်ဟု
မှတ်ယူထားကြသည်။
ကလေး စစ်သားလေးများကို ကျနော်
တွေ့ဆုံမေးမြန်းခဲ့ရာ စစ်သားသစ် တဦးကို စစ်သား စုဆောင်းရေးသို့
ပို့ပေးနိုင်ခဲ့လျှင် ထိုသို့ပို့ပေးသူအနေဖြင့် အကြိမ်တိုင်း ဆန်အိတ်နှင့်
စားဆီ ရကြောင်း သိရသည်။ လက်ရှိ ပေါက်ဈေးမှာ ကလေးစစ်သားတဦး
ပို့ပေးနိုင်လျှင် လက်ရှိ ငွေလဲနှုန်းအရ အမေရိကန်ဒေါ်လာ ၂၀ မှ ၅၀ အထိ ရသည်ဟု
ဆိုသည်။ ယင်းပမာဏသည် ကြည်းတပ် တပ်သားတဦး လစာ၏ တဆခွဲခန့် ရှိသည်။
တပ်ရင်းမှူးများအနေဖြင့် သူတို့ စုဆောင်းရမည့် အရေအတွက် ပြည့်မီခြင်း
မရှိလျှင် စစ်စည်းကမ်းအရ အရေးယူခြင်း ခံရသည်။ ထိုသို့ အရေးယူခံရခြင်းတွင်
သူတို့တပ်မှူးရာထူးကို စွန့်လွှတ်ရခြင်းအထိ ပါဝင်သည်။
ထိုသို့တပ်သားသစ်စုဆောင်းနိုင်သူကိုမက်လုံးပေးခြင်းနှင့် စုဆောင်းခြင်း
မပြုနိုင်သူကို အရေးယူခြင်းများကြောင့် တပ်မတော်တွင်း ကလေးစစ်သား
စုဆောင်းမှုမှာ အစဉ်အဆက် အလွန်များပြားသည့်နှုန်းဖြင့် ရှိနေခြင်း ဖြစ်သည်။
ယနေ့အထိလည်း ဆက်လက် လုပ်နေဆဲ ဖြစ်သည်။
မြန်မာနိုင်ငံတွင်း
ကလေးစစ်သား အသုံးပြုမှု အဆုံးသတ်ရေးလုပ်ငန်း တိုးတက်မှု အခြေအနေနှင့် ပတ်သက်၍
နယူးရောက်မြို့ ကုလလုံခြုံရေးကောင်စီတွင် ညှိနှိုင်းဆွေးနွေးမှုများ
ပြုလုပ်နေဆဲ ရှိသည်။ လွန်ခဲ့သော လကမူ အဆိုပါ ပြဿနာ ဖြေရှင်းရေးအတွက်
ခိုင်ခိုင်မာမာ ကတိပြုပါသည်ဟု မြန်မာနိုင်ငံက ကုလ လုံခြုံရေးကောင်စီကို
အာမခံထားသည်။
လွန်ခဲ့သောနှစ် ဇွန်လက လက်မှတ်ရေးထိုးထားသော
သဘောတူညီချက်အရ တပ်မတော် တပ်ဖွဲ့များ အတွင်းရှိ ကလေးများ အားလုံးကို ၁၃၅
ရက်အတွင်း ရှာဖွေ ဖော်ထုတ်ပြီး မှတ်ပုံတင် စာရင်းသွင်းထားရန် ထို့နောက်
အဆိုပါ ကလေးစစ်သားအားလုံးကို ယခုနှစ် ဒီဇင်ဘာလ မတိုင်မီ အားလုံး လွှတ်ပေးရန်
ဖြစ်သည်။
ထိပ်ပိုင်း တပ်မှူးများက ယင်းကိစ္စနှင့် စပ်လျဉ်း၍
အကြီးအကျယ် အမွှန်းတင် ပြောနေကြသော်လည်း တိုးတက်မှုမှာ အနည်းငယ်သာ ရှိသည်။
ကလေးစစ်သား အနည်းငယ်ကို လွှတ်ပေးခဲ့သော်လည်း အများအပြားမှာ ဆက်လက်
စစ်မှုထမ်းနေရဆဲ ဖြစ်သည်။ နိုင်ငံတကာ အလုပ်သမားအဖွဲ့ကြီး (ILO) က အသက်
မပြည့်သေးသော ကလေးစစ်သား စုဆောင်းမှုများကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ကတည်းက
စစ်ဆေးဖော်ထုတ်ခဲ့ရာ ၇၇၀ ဦးကို စစ်ဆေး ဖော်ထုတ်နိုင်ခဲ့ပြီး ယင်း
ကလေးစစ်သားများထဲတွင် အသက် ၁၀ နှစ်အထိ ငယ်ရွယ်သူများလည်း ပါဝင်သည်။
ထိုမျှငယ်ရွယ်သည့်ကလေးများကို ၂၀၁၂ ခုနှစ်အတွင်း ၃၂ မှုမျှ တွေ့ရှိခဲ့သည်။
အမှန်တကယ် တပ်တွင်းရှိ ကလေးစစ်သားဦးရေမှာ ထို့ထက် အများအပြား
ပိုများမည်မှာ သေချာသည်။ ထိုသို့ လွှတ်ပေးပါမည်ဟု လက်မှတ် ရေးထိုးခဲ့သည့်
၂၀၁၂ ဇွန်လမှ ယခုနှစ် ဇန်နဝါရီ လကုန်ထိ အစိုးရက စစ်တပ်မှထွက်ခွင့်
ပေးခဲ့သည့် ဦးရေမှာ ခန့်မှန်းခြေ ၆၆ ဦးသာ ရှိသည်။ နောက်ထပ်
ထောင်ပေါင်းများ စွာသော ကလေးစစ်သားများ စစ်တပ်တွင်း ရှိနေဦးမည့်
လက္ခဏာများကိုလည်း တွေ့နေရသည်။ စစ်တပ်သည် တပ်သားသစ် စုဆောင်းရေး မူဝါဒတခုကို
သူကတိပြုထားသည့် အချက်များနှင့် ဥပဒေများကို ဆန့်ကျင်ပြီး အသစ်ချမှတ်
ကျင့်သုံးရန် ကြိုးစားခဲ့သေးသည်။ ယင်းစနစ်သစ်အရ အကယ်၍ ၁၀ တန်း
အောင်မြင်ပြီးပါက စစ်သားသစ်အဖြစ် စုဆောင်းခွင့် ပေးရန် ဖြစ်သည်။
ကလေးစစ်သား အသုံးပြုမှုနှင့် ပတ်သက်၍ စစ်ဆေးဖော်ထုတ်ရန် ကုလအဖွဲ့ကြီး၏
ကြိုးပမ်း အားထုတ်မှုများကို မြန်မာစစ်တပ်က တက်တက်ကြွကြွ
တားမြစ်ဟန့်တားမှုများ ပြုလုပ်ခဲ့သေးသည်။ သူတို့ လက်မှတ်ရေးထိုးထားသော
လုပ်ငန်းအစီအစဉ်ကို ချိုးဖောက်ပြီး ကုလဝန်ထမ်းများကို စစ်တပ်
အခြေစိုက်စခန်းများသို့ ဝင်ခွင့်မပေးဘဲ တားမြစ်မှုကာ လွန်ခဲ့သော နှစ်အတွင်း
စစ်တပ်က လေးကြိမ် ချိုးဖောက်ခဲ့သည်။ ထို့အတူ နယ်ခြားစောင့် တပ်ဖွဲ့များသို့
သွားရောက် စစ်ဆေးခွင့်ကိုလည်း တားမြစ်ခဲ့သေးသည်။ ထိုနယ်ခြားစောင့်
တပ်ဖွဲ့များမှာ အပစ်ရပ် သဘောတူညီချက် ရထားသော
ယခင်တိုင်းရင်းသားတပ်ဖွဲ့များကို မြန်မာနိုင်ငံတွင်း အသွားအလာ ခက်ခဲသည့်
ဒေသများ၌ မြန်မာစစ်တပ်၏ စတိသဘောမျှ ကွပ်ကဲအုပ်ချုပ်မှု အောက်တွင်
ထားရှိခြင်း ဖြစ်ပြီး အဆိုပါ တပ်ဖွဲ့များသည် တရားမဝင် ကုန်သွယ်ရေးနှင့်
သယံဇာတ ထုတ်ယူ ရောင်းစားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့်
အရန်တပ်ဖွဲ့များ ဖြစ်နေကြသည်။ ဗဟိုအစိုးရတပ် မဟုတ်သော အဆိုပါ ငြိမ်းအဖွဲ့
တဒါဇင်ကျော်သည် ကလေးစစ်သား အသုံးပြုမှုကို အချိန်ကြာမြင့်စွာ ကတည်းက
ပြုလုပ်ခဲ့ကြသည်။ ထိုသို့ အသုံးပြုကြောင်းကိုလည်း ကုလ အတွင်းရေးမှူးချုပ်၏
အစီရင်ခံစာများတွင် ထည့်သွင်းဖော်ပြထားခဲ့သည်။ ယင်း ငြိမ်းအဖွဲ့များသည်
၂၀၁၁ ခုနှစ်၊ နှောင်းပိုင်းကတည်းက ဗဟိုအစိုးရနှင့် ယာယီ
အပစ်ရပ်သဘောတူညီချက်များ ရရှိထားခဲ့သော်လည်း နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့များ
ဝင်ရောက်စစ်ဆေးခြင်း၊ ထိတွေ့ဆက်ဆံခြင်း အားလုံးကို မြန်မာစစ်တပ်က
ငြင်းဆန်ထားသည်။
ကလေးစစ်သား အသုံးပြုမှု ကြာမြင့်စွာကတည်းက
ရှိနေခြင်းကြောင့် မြန်မာစစ်တပ်ကို “ထပ်တလဲလဲ ကျူးလွန်ဖောက်ဖျက်သူ” အဖြစ်
သတ်မှတ်ရန် ကုလ လုံခြုံရေးကောင်စီက စဉ်းစားနေသည်။ ထိုသို့
ကျူးလွန်ဖောက်ဖျက်သူများကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် စဉ်းစားမည်
ဖြစ်ကြောင်းလည်း ယခင်က ပြောဆိုထားပြီးဖြစ်သည်။ တိုးတက်မှုများ
ရှိရပါစေ့မည်ဟု အစိုးရ၏ ကတိပေးထားမှုကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်
နိုင်ငံများက ယုံကြည်လိုပုံရသည်။ ကလေးစစ်သား အသုံးပြုမှုကို အဆုံးသတ်ရာတွင်
“နမူနာယူစရာ အောင်မြင်မှု” အဖြစ် မြန်မာနိုင်ငံသည် အတုယူစရာဖြစ်လာနိုင်သည်ဟု
လွန်ခဲ့သောလ က မြန်မာနိုင်ငံက ကုလ လုံခြုံရေးကောင်စီ
အဖွဲ့ဝင်နိုင်ငံများကို ပြောကြားခဲ့သည်။ အနီးကပ် စစ်ဆေးကြီးကြပ်မှုနှင့်
အခြားအစိုးရများက ဆက်တိုက် ဖိအားပေးမှု မရှိလျှင် ထိုသို့ အောင်မြင်ရန်
မဖြစ်နိုင်ပါ။ ယခုနှစ် ဒီဇင်ဘာလကုန်တွင် ကတိပေးထားသည့်အတိုင်း ကလေးစစ်သား
အသုံးပြုမှုကို ရပ်ဆိုင်းခြင်း မပြုနိုင်ပါက ပိတ်ဆို့အရေးယူမှုများ
ပြုလုပ်မည်ဟု ထင်ထင်ရှားရှား လုံခြုံရေး ကောင်စီက အသိပေးထားဘို့ လိုပါသည်။
ကလေးစစ်သား အရောင်းအဝယ်များ၊ စနစ်တကျ ချိုးဖောက်မှုများ ကြာမြင့်စွာကတည်းက
ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင်း ကလေးစစ်သား အသုံးပြုမှု အမှန်တကယ်
ရပ်ဆိုင်း သွားရန်မှာ မြန်မာစစ်တပ်ကိုယ်တိုင်က ယင်းတို့၏ ကလေးစစ်သား
အသုံးပြုသည့် ဓလေ့ကို ပြောင်းလဲပြီး မိမိတို့ ထုတ်ပြန်ထားသော ဥပဒေများကို
အမှန်တကယ် ကျင့်သုံးမှသာ ဖြစ်နိုင်ပါလိမ့်မည်။ စစ်သား စုဆောင်းသူများကို
ကလေးစစ်သား စုဆောင်းရရှိလျှင် ဆုလာဘ်ချသည့် မက်လုံးများ ပေးထားပြီး အကယ်၍
မိသွားပါကလည်း လက်ကောက်ဝတ်ကို တချက်မျှ ရိုက်ရုံလောက် အပရိက အပြစ်ပေးမှုများ
ရှိနေသမျှကာလပတ်လုံး ထိုစနစ် ပပျောက်သွားမည် မဟုတ်ပါ။ ကလေးစစ်သား
အားလုံးကို တပ်ဖွဲ့များအတွင်းမှ နုတ်ထွက်ခွင့် ပေးရန် သတ်မှတ်ထားသောအချိန် ၇
လမျှ ကျန်ပါသေးသည်။ ယင်းကို လေးလေးနက်နက် လုပ်ဘို့ လိုပါသည်။ ။
ဂျိုးဘက်ကာ သည် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကလေးအခွင့်အရေးဌာနခွဲ၏ စည်းရုံးလှုံ့ဆော်မှု ညွှန်ကြားရေးမှူး ဖြစ်သည်။
(ဇူလိုင်လ ၄ ရက်နေ့ အိန္ဒိယနိုင်ငံထုတ် The Statesman သတင်းစာပါ ဆောင်းပါးအား မြန်မာပြန်ဆိုပါသည်။)
0 comments:
Post a Comment