Friday, June 21, 2013

ဆီးဂိမ်းအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ စပွန်ဆာပေးမည်




မြန်မာနိုင်ငံမှာ ပြန်လည် ကျင်းပခွင့်ရတဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ စပွန်ဆာ သုံးမျိုးအတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေက လာရောက် လျှောက်ထားနေပြီလို့ သိရပါတယ်။ မြန်မာ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်အသင်း အကြံပေး ဒေါ်နုနုရီက “စပွန်ဆာသုံးမျိုးကတော့ ပလက်တီနမ်၊ ဂိုးလ်၊ ဆေးလ်ဗား ဆိုပြီး သုံးမျိုးရှိပါတယ်။ စပွန်ဆာအပြင် ဆီးဂိမ်းကျင်းပဖို့အတွက် အလှူရှင်တွေလည်း ရှိပါတယ်။ ပလက်တီနမ် စပွန်ဆာ အတွက် Panasonic ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး ဖြစ်ပါတယ်။ သည်ကုမ္ပဏီကတော့ အီလက်ထရွန်းနစ် ပစ္စည်းအမျိုးအစား ကြော်ငြာဖို့အတွက် စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။ ပလက်တီနမ်အတွက် နိုင်ငံတကာ စပွန်ဆာပေးတဲ့ စံအရ ကုမ္ပဏီတွေရဲ့ ပစ္စည်းအမျိုးအစား တစ်ခုကို သီးသန့် ဦးစားပေးအနေနဲ့ ဆီးဂိမ်းကာလမှာ လုပ်ကိုင်ခွင့်ပေးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ပလက်တီနမ် စပွန်ဆာပေးမယ့် ကုမ္ပဏီတွေအတွက် ပစ္စည်းအမျိုးအစား မထပ်ရအောင် ကုမ္ပဏီတွေကို ပစ္စည်းအမျိုးအစား တစ်မျိုးစီအတွက်ပဲ ခွင့်ပြုပေးမှာလို့ သိရပါတယ်။ ပလက်တီနမ် စပွန်ဆာအတွက် အမေရိကန်ဒေါ်လာ သုံးသိန်း၊ ဂိုးလ်စပွန်ဆာအတွက် အမေရိကန်ဒေါ်လာ နှစ်သိန်း၊ ဆေးလ်ဗား စပွန်ဆာအတွက် အမေရိကန်ဒေါ်လာ တစ်သိန်း သတ်မှတ်ထားပါတယ်။ စပွန်ဆာကုမ္ပဏီတွေ ခေါ်ယူဖို့ကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဌာနက ခန့်အပ်ထားတဲ့ ထိုင်းနိုင်ငံ အခြေစိုက် JK ကုမ္ပဏီနဲ့ ဂျပန်နိုင်ငံ အခြေစိုက် Dentsu ကုမ္ပဏီတွေကို အကြံပေးအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၁ ရက်ကနေ ၂၂ ရက်နေ့ အထိ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ငွေဆောင်ကမ်းခြေမှာ ဆယ်ရက်တိုင်တိုင် ကျင်းပမှာ ဖြစ်တယ်လို့ သိရကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment

Search Our Site