Thursday, June 20, 2013

တရုတ်မှ ဟန်းဆက်များကို ကားအစီးလိုက်ဖြင့် မှောင်ခိုတင်သွင်းနေပြီး တစ်လကျော် ကာလအတွင်း ကျပ်သိန်း ၃၂၀၀ ဖိုး ဖမ်းမိ

၂၀.၆.၂၀၁၃၊ ကြာသပတေးနေ့

တရုတ်နိုင်ငံမှ ဟန်းဆက်များကို ကားအစီးလိုက်ဖြင့်ပင် မှောင်ခိုတင်
သွင်းလျက် ရှိနေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း
တစ်လျှောက် မှောင်ခိုဖမ်းဆီးရာ၌ တစ်လအတွင်း ကျပ်သိန်း ၃၂၀၀ ဖိုးအထိ ဖမ်းဆီးရမိ ခဲ့သည်ဟု Mobile Team တာဝန်ရှိသူများထံမှ သတင်းရရှိ
ပါသည်။

တရုတ်ထုတ် ဟန်းဆက်များအား မှောင်ခိုတင်သွင်းရာတွင် Pajero, Double Cab ကဲ့သို့ နံပါတ်အနက် ကိုယ်ပိုင်ကားများဖြင့်ပင် ယခုနောက်ပိုင်းတွင်
မှောင်ခိုတင်သွင်းလာကြောင်း၊ ဆိုင်ကယ်၊ မူဆယ်-မန္တလေး လိုင်းကား
များကို အသုံးပြု၍လည်း မှောင်ခိုတင်သွင်းကြောင်း သိရသည်။

မေလဆန်းမှစ၍ ဇွန်လလယ်အထိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ ဂုတ်ထိပ်တံတား အတက်နားတွင် Mobile Team အဖွဲ့ဖြင့် မှောင်ခိုဖမ်းဆီးရာတွင် ခုနစ်ကြိမ်အထိ ဖမ်းမိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ကျပ်သိန်း ၃၂၀၀ ဖိုး ဖမ်းမိသည်ဟု သိရသည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အများဆုံး အသုံးပြုနေသည့် Huawei အမှတ်တံဆိပ် ဟန်းဆက်များနှင့် HTC အမှတ်တံဆိပ်များ အများဆုံး ဖမ်းမိကြောင်းလည်း သိရသည်။

"ဟန်းဆက်အလုံးရေ ၉၃၀၀ အထိ ဖမ်းမိတယ်။ Pajero, Double Cab ကိုယ်ပိုင်ကားတွေနဲ့ပါ မှောင်ခိုကြတယ်။ ဆိုင်ကယ်နဲ့လည်း မှောင်ခိုတယ်။ Mark II လိုင်းကားနဲ့ မူဆယ်-မန္တလေး ဘတ်စ်ကားတွေ ပေါ်မှာလည်း အထုပ်တွေနဲ့ မှောင်ခိုသယ်လာကြတယ်။ ကျပ်သိန်း ၃၂၀၀ ဖိုး ဖမ်းမိတယ်။ ဒါပေမဲ့ ဒါက မူဆယ်ဝယ်ရင်းဈေးနဲ့ တွက်ထားတာ။ မန္တလေးဈေးနဲ့ဆိုရင် ဒီထက်ပမာဏ များမှာပေါ့။ ကျပ် ၃၀၀၀၀ တန်ကနေ ကျပ် ၁ သိန်းခွဲ၊ နှစ်သိန်းတန်လောက်အထိ ပါတယ်။ Pajero ကားပေါ်မှာဆိုရင် ကျပ်သိန်း ၄၀၀၊ ၄၅၀ ဖိုးလောက် ဖမ်းမိတယ်။ ဆိုင်ကယ်သုံးစီး ပေါ်မှာလည်း ကျပ်သိန်း ၃၅၀ ဖိုးလောက် မိလိုက်တယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဖမ်းဆီးရမိသည့် ဟန်းဆက်အလုံးရေ ၉၃၀၀ အား အကောက်ခွန်တွင် အမှုတွဲဖွင့်ကာ သိမ်းဆည်းလိုက်ကြောင်း၊ ပင်လယ်ရေကြောင်း အက်ဥပဒေအရသာ အရေးယူခြင်းဖြစ်၍ ပစ္စည်းကိုသာ အရေးယူခြင်း ဖြစ်သည့်အတွက် မိလျှင်ခံမည် လွတ်လျှင်အကျိုး ရှိမည်ဟုသာ တွက်၍လုပ်ကိုင် လာကြသည့်အတွက် မှောင်ခိုမှုများ ဆက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

Eleven

တရုတ်နိုင်ငံမှ ဟန်းဆက်များကို ကားအစီးလိုက်ဖြင့်ပင် မှောင်ခိုတင် သွင်းလျက် ရှိနေပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း

0 comments:

Post a Comment

Search Our Site