Wednesday, May 22, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံ ဆွေးနွေး


အမေရိကန်ပြည်ထောင်စု၌ ပထမဆုံး တရားဝင်အလုပ်သဘော ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အထက်လွှတ်တော် အမတ်များဖြစ်သည့် ဟယ်ရီရိ၊ မစ္စတာ မစ်ခ်ျမက် ကော်နဲလ်၊ ဘန်ကာဒင်၊ ကယ်လီအာယက်နှင့် ဂျွန်မက်ကိန်း တို့နှင့် မေလ ၂၁ ရက်က အမေရိကန် ကွန်ဂရက်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးသန်းဌေးနှင့် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေ တို့ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတသည် အမေရိကန်ပြည်ထောင်စု၌ အလုပ်သဘော ချစ်ကြည်ရေး ခရီးပြီးဆုံး၍ မေလ ၂၁ ရက် မွန်းလွဲပိုင်းတွင် အမေရိ ကန် ပြည်ထောင်စုမှ ပြန်လည်ထွက်ခွာခဲ့ပြီး မေလ ၂၂ ရက် ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့ရှိ အင်းချွန် အပြည်ပြည်ဆိုင် ရာလေဆိပ်သို့ ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ၏ ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြေခံမူဘောင် သဘောတူညီချက် (Trade and Investment Framework Agreement-TIFA) တစ်ရပ်ကို အမေရိကန် ကုန်သွယ်ရေး အထူး ကိုယ်စားလှယ် ဒမီထရတ်စ်မရန်းတတ်စ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး အဆိုပါ သဘော တူညီချက်မှာ မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့ ၏ နှစ်နိုင်ငံအောင်မြင်မှု ရလဒ်တစ်ခုပင် ဖြစ်သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သို့ မေလ ၂၂ရက်နေ့ ညနေပိုင်းတွင်ပြန်လည်ရောက်ရှိကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ တိုင်းဒေသကြီး ၀န်ကြီးများနှင့်တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

source::http://www.president-office.gov.mm/briefing-room/news/2013/05/23/id-3361

0 comments:

Post a Comment

Search Our Site