Tuesday, April 23, 2013

မိတ္ထီလာမြို့၌ သံဃာတော်တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဧပြီ ၂၂ ရက်တွင် စတင်စစ်ဆေး



မိတ္ထီလာမြို့၌ သံဃာတော် တစ်ပါးအား သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ဧပြီလ ၁၀ ရက်နေ့က တရားစွဲဆိုခဲ့ပြီး မိတ္ထီလာခရိုင် တရားရုံးမှ ရာကြီးအမှု အမှတ် ၁၆/၂၀၁၃ ဖြင့် လက်ခံခဲ့ကာ ဧပြီ လ ၂၂ ရက်တွင် ပထမရုံးချိန်းအဖြစ် စတင်ကြားနာ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အကျဉ်းမှာ မတ်လ ၂၀ ရက် ညနေပိုင်းက ၀မ်းတွင်းမြို့နယ်၊ ဒုံကုန်းကျေးရွာမှ ဦးဇင်းဦးသောဘိတ (သက်တော် ၄၅ နှစ်) သည် မိတ္ထီလာဈေးကြီးသို့ ဆိုင်ကယ်ကယ်ရီဖြင့် ဈေးလာဝယ်စဉ် သီရိမင်္ဂလာ ရပ်ကွက်အတွင်းရှိ ကားကြီးဝန်းထိပ် အရောက်တွင် လူ ၁၀ ဦးခန့်က သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။
အဆိုပါ အမှုတွင် ပါဝင်ပတ်သက်သူ မျိုးထွန်းထွန်း၊ ဖိုးချို၊ မျိုးညွန့်ဦး၊ မျိုးဝင်း(ခ)ဒါဂျိဂန်း၊ ဇော်ထက်နိုင်၊ မြတ်ကိုကို(ခ)အာဏ္ဏ၀ါ၊ ညီညီနိုင်တို့အား ဖမ်းဆီးရမိပြီး မျိုးဝင်း(ခ)မျိုးညွန့်(ခ)အဒူလမန်၊ လတ်ကျော်နိုင်၊ ကိုဝင်း(ခ)ကိုကိုဝင်း(ခ) ကျော်သူဝင်းနှင့် စည်သူတို့အား တရားခံပြေးများအဖြစ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါအမှုကို ဧပြီလ ၂၂ ရက်နံနက်ပိုင်းက မိတ္ထီလာခရိုင် တရားသူကြီး ဦးအေးလွင်မှ ကြားနာစစ်ဆေးခဲ့ပြီး တရားစွဲဆိုခံရသူများ ဘက်မှ ရှေ့နေခြောက်ဦး၊ တရားလို အကျိုးတော်ဆောင် ဥပဒေအရာရှိ တစ်ဦးပါဝင်ကြောင်း သိရသည်။
ဧပြီ ၂၂ ရက်တွင် ခရိုင်တရားသူကြီးမှ တရားလို အမှတ်(၂)စခန်းမှူး ရဲအုပ်ဦးမြင့်သန်းပါ သက်သေရှစ်ဦးအား ကြားနာစစ်ဆေးခဲ့ပြီး ဧပြီ ၂၃ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပေးခဲ့ကြောင်း သိရသည်။ မိတ္ထီလာ ခရိုင်တရားရုံး လုံခြုံရေးအား အထူးတင်းကြပ် ထားရကြောင်းလည်း သိရသည်။
အဆိုပါ မတ်လ ၂၀ ရက်နေ့ သံဃာတော်တစ်ပါး အသတ်ခံရမှု ဖြစ်စဉ်ကြောင့် မိတ္ထီလာမြို့တွင် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပွားလာခဲ့ရပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်၍ တပ်မတော် အကူအညီယူကာ အကြမ်းဖက်မှုများကို ပြန်လည်ထိန်းသိမ်း ခဲ့ရကြောင်း သိရှိရသည်။

Eleven Media Group. 

0 comments:

Post a Comment

Search Our Site