Thursday, March 28, 2013

ရွှေတိဂုံတစ်မိုင်ပတ်လည်ရှိ အဆောက်အဦးသစ်များ ပေ(၈၀)ထက် မပိုရဟု စည်ပင်မှ တားမြစ်

ကန်ထရိုက်အချို့၏ အမြင့်ပေ ပိုဆောက်လုပ်မှုကြောင့် ရွှေတိဂုံဘုရားကုန်းတော်၏ တစ်မိုင်ပတ်လည်အတွင်း၌ အမြင့်ပေ(၈၀)ထက်ကျော်သော အဆောက်အဦးများအား ဆောက်လုပ်ခွင့်ပြုတော့မည်မဟုတ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
 
အဓိကက ရွှေတိဂုံစေတီတော်ရဲ့ ကြည်ညိုဖွယ်ရာ အလှကို ပျက်ဆီးစေနိုင်တဲ့ အတွက် ကန့်သတ်လိုက်တာပါ အဆောက်အဦး ဆောက်ရာမှာ သာမန် အဆောက်အအုံဆိုရင် အမြင့်(၆၂)ပေ၊ ဓါတ်လှေကားပါတဲ့ အဆောက် အဦးဆိုရင် (၇၈)ပေပဲ ခွင့်ပြုပေးတော့မယ် သတ်မှတ်ထားတဲ့ အမြင့်ပေအတိုင်း အထပ်ကိုတော့ စိတ်ကြိုက် ဆောက်လို့ရပါတယ်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ယခင်က အဆောက်အဦး ဆောက်လုပ်ခြင်းကို ရှစ်ထပ်အထိ ခွင့်ပြုခဲ့သော်လည်း ကန်ထရိုက် အချို့က အဆောက်အဦး ဆောက်လုပ်ရာတွင် တစ်ထပ်နှင့် တစ်ထပ်ကြားတွင် အမြင့်ပေပိုယူ၍ တည်ဆောက် သောကြောင့် ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်းဖြစ်ကြောင်းကိုလည်း ၄င်းက ဆိုသည်။
 
ယခုအချိန်တွင် ရွှေတိဂုံဘုရားပတ်လည်တွင် အထပ်မြင့်အဆောက်အဦးများတည်ရှိနေမှုကြောင့် Land Mark ခေါ် ရွှေတိဂုံဘုရားအား အဝေးမှကြည့်လျှင် မမြင်ရသည့်နေရာများ များပြားလျက်ရှိနေသည်။
 
ကျွန်တော်တို့ငယ်ငယ်က ရွှေတိဂုံဘုရားကိုကြည့်ရင် နေရာတိုင်းကတွေ့ရတယ်၊ အခုတော့ တချို့နေရာတွေပဲတွေ့ရတော့တယ်။ ဟု စမ်းချောင်းမြို့နယ်နေ လူငယ်တစ်ဦးကပြောသည်။
 
အစိုးရနှင့် JICA တို့မှ ပူးပေါင်းဆောင်ရွက်မည့် မဟာရန်ကုန်မြို့တော်စီမံကိန်း၌လည်း နိုင်ငံ၏အမှတ်အသား ဖြစ်သည့် ရွှေတိဂုံစေတီတော်ကို အဝေးမှ ဖူးမျှော်နိုင်ရန်အတွက် အဆောက်အဦးများကို တစ်မိုင်အတွင်း အမြင့်ပေမည်မျှ ဆောက်ရမည်၊ နှစ်မိုင်အတွင်း အမြင့်ပေမည်မျှဆောက်ရမည် စသည်ဖြင့် သတ်မှတ်သွားမည်ဖြစ်ကြောင်းကိုလည်း စည်ပင်သာယာမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှသိရသည်။
 
ရွှေတိဂုံဘုရားကြီးကို ကွယ်မှာစိုးတဲ့အတွက် အနီးတ၀ိုက်မှာ အထပ်မြင့်တွေ မဆောက်ရဘူး ဆိုတဲ့ စည်းကမ်းက အရင်ကတည်းက ရှိပြီးသားပါ အခုလိုသေချာသတ်မှတ်လိုက်တာကောင်းပါတယ် ”ဟု ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ဝင် တစ်ဦးကပြောသည်။
 
ရန်ကုန်မြို့လယ်ရှိ  ဆူးလေစေတီတော် ဧရိယာအနီးတ၀ိုက်တွင်လည်း အထပ်မြင့် မိုးမျှော်တိုက်များ ဆောက်လုပ်ခြင်းအား ကန့်သတ်သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီမှသိရသည်။
မင်းဟိန်းထက် ( မြစ်မခ )


by Myit Makha Mediagroup

0 comments:

Post a Comment

Search Our Site