သန်းခေါင်စာရင်း ကောက်ယူအပြီး သိလိုက်ရသည်မှာ ရန်ကုန်တိုင်း ဒေသကြီးတွင် လူဦးရေ ရှစ်သန်းရှိပြီး တစ်နိုင်ငံလုံး လူဦးရေ၏ ၁၈ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ဟု ဖြစ်သည်။ ထိုနေထိုင်သူများသည် စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စားဝတ်နေရေးကို ဖြေရှင်းလျက်ရှိရာ လုပ်ငန်းရှင်၊ အစိုးရ အမှုထမ်း၊ စာရေးစာချီ၊ ကုမ္ပဏီဝန်ထမ်း၊ စတိုးဆိုင် ပိုင်ရှင်၊ စားသောက်ဆိုင် ပိုင်ရှင်၊ စားပွဲထိုး၊ လမ်းဘေးဈေးသည်၊ ကြုံရာကျပန်း အလုပ်သမား၊ ဆိုက်ကားနှင့် အငှားယာဉ်မောင်း စသဖြင့် မျိုးမည်စုံလှသော လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။
ထိုအထဲတွင် လူတကာ နှာခေါင်းရှုံ့ သော်လည်း ထိုနှာခေါင်းရှုံ့သူများလည်း မကင်းလွတ်သော ပျော်တော်ဆက်မယ်များကလည်း ရန်ကုန်တွင် တစ်နေ့တစ်ခြား ပေါများလာသည်။ တိုက်ရိုက်(CSW)နှင့် သွယ်ဝိုက်လုပ်ကိုင်နေသူ (ICSW) ပျော်တော်ဆက်မယ် အရေအတွက်မှာ လူဦးရေ တစ်သိန်းခန့်အထိ ရှိနေပြီဟု လူမှုရေး အဖွဲ့အစည်း တစ်ခုထံမှ သိရသည်။ ထိုနှုန်းအရ ရန်ကုန်တွင် လူ၈၀ရှိတိုင်း တစ်ဦးမှာ ပျော်တော်ဆက်မယ် အလုပ်လုပ်ကိုင်နေသည့် သဘောဖြစ်သည်။ အင်တာနက်ပေါ်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ ပြည့်တန်ဆာ လုပ်ငန်းအတွက် လူအရင်းအမြစ်ပေးသည့် နိုင်ငံဟုပင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ HIV ရောဂါကူးစက်နှုန်းမှာ အာရှတွင် တတိယဖြစ်ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံနောက်တွင် တည်ရှိကာ ပျော်တော်ဆက်မယ် အားလုံး၏ ၃၂ရာခိုင်နှုန်းမှာ ရောဂါပိုး ကူးစက်ခံထားရသူများဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပျော်တော်ဆက်မယ် လုပ်သူများ၏ ၂၅ ရာခိုင်နှုန်းသာ ရောဂါ ရှိမရှိ စစ်ဆေးခံထားကြသူများ ဖြစ်သည်။
၂၀၁၂-၂၀၁၃ခုနှစ် ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် HIV ဆေးသောက်သုံးရန် လိုအပ်သူ နှစ်သိန်းလေးသောင်းကျော် ရှိသော်လည်း လူရှစ်သောင်းကိုသာ ဆေးပေးနိုင်သေးသည်ဟု သိရသည်။ အစိုးရနှင့် ပြည်ပအဖွဲ့အစည်းများ ကောက်ယူထားသော စာရင်းအရ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ အလုပ်လုပ်သူ Commercial Sex Workers (CSW)မှာ ခြောက်သောင်းကျော်ရှိပြီး Indirect Commercial Sex Workers (ICSW)မှာ ထို့ထက် အဆများစွာ ရှိနိုင်သည်ဟု သိရသည်။ အဆိုပါ စာရင်းမှာလည်း အမှန်စာရင်းထက် များစွာလျော့နည်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည့်တန်ဆာ စာရင်း ကောက်ရသည်မှာ သန်းခေါင်စာရင်း ကောက်ရသကဲ့သို့ မဟုတ်သောကြောင့်ဟု အဆိုပါ စာရင်းကောက်ယူရာတွင် ပါဝင်သော ဆရာဝန်တစ်ဦးက ပြောသည်။
ထိုပျော်တော်ဆက်မယ်များတွင်လည်း လမ်းဘေးတွင် မတ်တပ်ရပ်ပြီး ကိုယ့်ခန္ဓာကိုယ် ဈေးဖြတ် ရောင်းသူများမှသည် တယ်လီဖုန်းဆက်ခေါ်က ကိုယ်ပိုင် ကားမောင်းပြီးလာသော တစ်ကိုယ်တော် ပျော်တော်ဆက်မယ်များ အထိ အတန်းတန်း အစားစား ရှိနေပြီ ဖြစ်သည်။ ထိုပျော်တော်ဆက်မယ်လေးများကို တွေ့ဆုံ အင်တာဗျူးခဲ့ရာတွင် (၁)မိသားစု စားဝတ်နေရေးကြောင့် မိဘကိုယ်တိုင်က သိလျက်ဖြင့် ထိုအလုပ်လုပ်ရန် ခိုင်းစေခံရသူ (၂) ကာရာအိုကေ၊ အနှိပ်ခန်းနှင့် စင်တင်ဂီတ ကဲ့သို့သော လုပ်ငန်းများတွင် လုပ်ကိုင်ရင်း တစ်ဦးနှင့်တစ်ဦး ဂုဏ်တုဂုဏ်ပြိုင် လုပ်ရာမှ ဖြစ်စေ၊ ဆိုင်ရှင်၏ ငွေကြေးရှာဖွေရန် သတ်မှတ်ချက် အရဖြစ်စေ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၃) ရည်းစားက လိင်ဆက်ဆံမှုပြုပြီး ပစ်သွားချိန်တွင် မထူးဇာတ်ခင်းသူ (၄) မသိနားမလည်ဘဲ လူကုန်ကူးခံရပြီး ငြင်းဆန်ခွင့် မရှိဖြစ်ကာ ပျော်တော်ဆက်မယ် ဘ၀ ရောက်သွားသူ (၅) စားဝတ်နေရေး အတွက် ဖြစ်စေ၊ ပညာရေး အတွက် ဖြစ်စေ ရန်ကုန် တက်လာပြီး ရသည့်အလုပ်ဖြင့် အဆင်မပြေသောကြောင့် လူမသိသူမသိ ပျော်တော်ဆက် အလုပ်လုပ်သူ (၆) ငွေကြေး ချမ်းသာသူများ၏ စပွန်ဆာကို ရယူပြီး တစ်ဦးတည်း အတွက်သာ ပျော်တော်ဆက်သူ (၇) ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်ပျက်ပြီး ပျော်တော်ဆက်မယ်ဘ၀ ရောက်လာသူ (၈) လိင်ဆက်ဆံဖက် တစ်ဦးတည်းဖြင့် မတင်းတိမ်သဖြင့် လိင်ဆက်ဆံဖက် များများထားရာမှ ပျော်တော်ဆက်မယ် ဘ၀ ကူးပြောင်းလိုက်သူဟု ရှစ်မျိုးခွဲခြားနိုင်သည်။
အချို့မှာ လုပ်ငန်း သဘော သဘာဝအရ ပျော်တော်ဆက်မယ် ဘ၀သို့ သူတို့ကိုယ်သူတို့ မသိပဲ ရောက်သွားသူများရှိသည်။ ဥပမာ စင်တင်ဂီတ စားသောက်ဆိုင်တွင် အဆိုတော်လေးများ၏ လစာမှာ ကျပ်လေးသောင်းခန့်သာ ဖြစ်သည်။ ပိုင်ရှင်က ဧည့်သည်ရရန်၊ ပန်းကုံး မည်မျှရရန် သတ်မှတ်ပြီး ထိုသတ်မှတ်ချက် မပြည့်ပါက တစ်လအကြာ အလုပ်ဖြုတ်မည်ဆိုသောအခါ တွေ့သည့် ဧည့်သည်ကို မိမိ၏ ခန္ဓာကိုယ် ထိုးကျွေးပြီး အလုပ်မပြုတ်ရန် ဆွဲဆောင်ရင်း ဧည့်သည် တဖြည်းဖြည်းများလာကာ သူမ ကိုယ်တိုင် ပျော်တော်ဆက်မယ် ဘ၀သို့ ရောက်မှန်းမသိ ရောက်သွားတော့သည်။ နောက်ဆုံးတွင် အဆိုပါ စင်တင်ဂီတမယ် အများစုသည် အေအိုင်ဒီအက်စ် ရောဂါသည် ဘ၀ဖြင့် ဇာတ်သိမ်းရလေ့ရှိသည်။ စင်တင်ဂီတ လောကတွင် တစ်ကြိမ်တည်း ပန်းကုံး ၁၄၅သိန်းဖိုးရသော အဆိုတော်မလေးများ အထိပင် ရှိခဲ့သည်။ ထိုရသော ပန်းကုံးမှာ ဆိုင်ရှင်တစ်ဝက်၊ ကာယကံရှင် တစ်ဝက် ခွဲဝေယူသဖြင့် အဆိုပါ အဆိုတော်များကို ဆိုင်ရှင်များက အထူး အခွင့်အရေး ပေးလေ့ရှိသည်။ ကန်တော်ကြီး ပတ်လမ်းပေါ်မှ စင်တင်စားသောက်ဆိုင်ဆိုလျှင် အသက် ၁၇နှစ်၊ ၁၈ အရွယ် အဆိုတော်လေးများ မွေးမြူပြီး ပန်းကုံးရှာလေ့ရှိသည်။ ဆိုင်၏ အစားအသောက် ရောင်းရငွေနှင့် တစ်ညတာ ပန်းကုံးရကြေး ယှဉ်လျှင် ပန်းကုံးကြေးက ပိုများကြောင်းလည်း သိရသည်။
အသက်အရွယ်အားဖြင့် ပျော်တော်ဆက်မယ်လေးများသည် အငယ်ဆုံး ၁၄နှစ်မှ အကြီးဆုံး အသက် ၄၀ကျော် အထိရှိသည်။ အဆက်အသွယ် မရှိသော ပျော်တော်ဆက်မယ်များ အနေဖြင့် လမ်းမကြီးများပေါ်တွင် ရပ်ပြီး ဖောက်သည်ရှာရလေ့ရှိသည်။ အထူးသဖြင့် ပြည်လမ်းမကြီးပေါ်တွင် ကိုးမိုင်မှသည် လှည်းတန်း ယခင် မာလာဆောင်(ယခု အမျိုးသား အင်္ဂလိပ်စာဌာန)ရှေ့အထိ နေ့လယ်ပိုင်းမှ ညပိုင်းအထိ ဖောက်သည်ရှာနေသော ပျော်တော်ဆက်မယ်လေးများကို နေ့စဉ် မြင်တွေ့ရသည်။ ယခုအခါ ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမကြီးပေါ်တွင်ပါ တွေ့လာရပြီ ဖြစ်သည်။ အလားတူ နေစောင်းသည်နှင့် ကန်တော်ကြီး ပတ်လမ်းတွင် အလျှိုအလျှို ထွက်လာသော ပျော်တော်ဆက်မယ်များနှင့် လိင်တူရှာသော ဂေးများကို တွေ့မြင်နိုင်သည်။ မြို့ထဲတွင်လည်း ပန်းဆိုးတန်း တစ်ဝိုက်နှင့် လမ်း၄၀ ကားမှတ်တိုင်များတွင် တွေ့ရသည်။ ဝေဇယန္တာ လမ်းမကြီးပေါ် တစ်လျှောက်လည်း နေ့စဉ်နံနက် ၁၀မှ ညနေစောင်းအထိ ပျော်တော်ဆက်မယ်များကို လမ်းပေါ်တွင် တွေ့နိုင်သည်။ သူတို့၏ကြေးမှာ တစ်ညတာ ပျော်ပါးခ ကျပ်သုံးသောင်းမှ ငါးသောင်းအထိဖြစ်ပြီး တစ်ကြိမ်သာ ပျော်ပါးမည် ဆိုပါက ကျပ်ငါးထောင်မှ ကျပ်တစ်သောင်းကြား ရှိသည်။ ထိုကဲ့သို့ မဟုတ်ဘဲ တယ်လီဖုန်းဆက်ခေါ်မှလာသော ပျော်တော်ဆက်မယ်လေးများလည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ရှိသေးသည်။ ထိုသူများ၏ ကြေးများမှာ တစ်ကြိမ် ပျော်ပါးလျှင် ကျပ်ငါးသောင်းမှ ကျပ်လေးသိန်းအထိ ရှိတတ်သည်။ ခေါ်သည့်နေရာသို့ မိန်းမထိန်းလုပ်သူက ကားဖြင့်လာပို့ပြီး အပြန်တွင်လည်း ကားဖြင့် လာကြိုလေ့ရှိသည်။ နောက်ပိုင်းတွင် ပျော်တော်ဆက်မယ် အများစုသည် တယ်လီဖုန်းဖြင့် အဆက်အသွယ် လုပ်ပြီးမှ ဖောက်သည်ရှိရာ နေရာသို့ လာလေ့ရှိသည်။
Yangonunderground.blogspot.comတွင် ရန်ကုန်ရှိ ကလပ်နှင့် ဘား၁၀ခု အမည်နှင့် လိပ်စာများ သာမက တစ်ခုချင်းစီတွင် ရနိုင်သော ပျော်တော်ဆက် မိန်းကလေးများ ဈေးနှုန်းကိုပါ တင်ပေးထားသည်ကို တွေ့ရသလို အနှိပ်ခန်းနှင့် ကာရာအိုကေခန်းများမှ ပျော်တော်ဆက်လေးများ၏ ဈေးနှုန်းများပါ ရေးထားသည်ကို တွေ့ရသည်။
ယခင်က အနုပညာ လောကသားထဲမှလည်း ထိုသို့လုပ်ကိုင်သူ စုန်းပြုး အနည်းငယ်ရှိခဲ့သည်။ သို့သော် ယခုအခါ ပျော်တော်ဆက်မယ်လေးများက အနုပညာလောက အတွင်း ၀င်ရောက်ပြီး သူတို့ ကိုယ်သူတို့ မော်ဒယ် အမည်တပ်ကာ လုပ်စားလာကြသည်။ သူတို့ကို ထိန်းထားသူများမှာ အလှဖန်တီးရှင်များ ဖြစ်ပြီး လိင်ဆက်ဆံကြေးမှာလည်း ကျပ်နှစ်သိန်းနှင့်အထက် ဖြစ်သည်။ နာမည်ကျော် သူဌေးကြီး များ၊ စီးပွားရေး လုပ်ငန်းရှင်များက နိုင်ငံခြားမှလာသော ဧည့်သည်များကို ဖျော်ဖြေရန် ဆက်သွယ်နိုင်သည့် ထိပ်သီး မိန်းမထိန်း သုံးဦးရှိသည်။ နှစ်ဦးမှာ အမျိုးသားများ ဖြစ်ပြီး တစ်ဦးမှာ အမျိုးသမီးဖြစ်သည်။ ထိုသူများထံမှ ခေါ်ပါက အနိမ့်ဆုံး တစ်ညတာ ပျော်တော်ဆက်ခ ကျပ်၁၀သိန်းမှ ကျပ်သိန်း၅၀ကြားရှိပြီး ပျော်တော်ဆက်နှင့် မိန်းမထိန်းတို့ တစ်ဝက်စီ ခွဲဝေယူ ကြသည်ဟု သိရသည်။
အချို့သော မော်ဒယ် အေဂျင်စီများကလည်း ပျော်တော်ဆက် အလုပ်ကို တရားဝင်သဖွယ် လုပ်ကိုင် နေကြသည်။ အေဂျင်စီမှ မော်ဒယ် အသစ်လေးများ( အထူးသဖြင့် သင်တန်းသူလေးများ)ကို သူဌေးများထံ ထည့်ပေးလေ့ရှိပြီး ထိုသို့ မငြင်းမဆန် လက်ခံသူကိုသာ ပွဲများတွင် ထည့်သုံးပေးလေ့ ရှိသည်။ အကွက်မြင်လာသော မော်ဒယ်အချို့ကလည်း စိတ်တူကိုယ်တူ စုပြီး ကိုယ်တိုင် ပျော်တော်ဆက် လုပ်ငန်းများ လုပ်ကိုင်လာကြသည်။ ထိုမော်ဒယ်များသည် စနေနှင့် တနင်္ဂနွေဆိုလျှင် အစိုးရ အရာရှိကြီးများကို ဖျော်ဖြေရန် ငွေကြေး အကုန်အကျခံမည့် သူဌေးများ နှင့်အတူ နေပြည်တော်သို့ တက်လေ့ရှိသည်။
အလားတူ ဆိုရှယ် မီဒီယာများ ဖြစ်သည့် ဖေ့စ်ဘွတ်နှင့် ဂျီတော့များတွင် မိမိကိုယ်ကို ကြေညာ ရောင်းချနေသော အမျိုးသမီး များစွာရှိသည်။ တစ်ဦးဆိုလျှင် ၂နာရီ ကျပ်ငါးသောင်းဟု သူ၏ဈေးနှုန်းကို ဗြောင်ရေးထားသည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော ပြည့်တန်ဆာ ဆိုသည်မှာ အဆက်အသွယ် မရှိသူ၊ အဆက်အသွယ် မကောင်းသူ၊ တစ်ကိုယ်တော် ပျော်တော်ဆက် လုပ်သူများနှင့် အနှိပ်ခန်း အမည်ခံ ပျော်တော်ဆက် လုပ်ငန်းလုပ်သူများသာ အဖမ်းခံရလေ့ရှိပြီး မျက်နှာကြီး ပျော်တော်ဆက်များမှာ မည်သူ၏ ရန်ရှာမှုမှ မခံရဘဲ စီးပွားရေး အဆင်ပြေလျက်ရှိသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ် အပြောင်းအလဲတွင် ပျော်တော်ဆက် လုပ်ငန်း တစ်ရှိန်ထိုး ကြီးထွားလာသည်မှာ မငြင်းနိုင်သော ကိစ္စဖြစ်သည်။ ပျော်တော်ဆက် လုပ်ငန်း၏ နောက်ဆက်တွဲ ဖြစ်သော လိင်ဆက်ဆံမှု မှတစ်ဆင့် ကူးစက်သော ရောဂါများကို မည်သို့ ထိန်းချုပ်မည်။ ထိုပျော်တော်ဆက်မယ်လေးများကို မည်သို့ ကျန်းမာရေး အသိပညာပေးမည် ဆိုသည်မှာ အရေးကြီး လှသည်။
မြောက်ဒဂုံမှ အသက် ၁၅နှစ်အရွယ် ပျော်တော်ဆက်မယ်လေး တစ်ဦးက “အိမ်ပေါင်တာကို ရွေးရတော့မယ့် အချိန်မှာ အစ်မက ရည်းစားနဲ့ နေဖူးတော့ ပါကင်ဖွင့်တဲ့ အလုပ် လုပ်လို့ မရတော့ဘူး။ ဒီတော့ အမေက သမီးကို ဒီတစ်ခါတော့ အိမ်အတွက် လုပ်ပေးပါလို့ ပြောတယ်။ တစ်ကြိမ်လုပ်ပေးပြီး ပေမယ့် အမေက ထပ်ထပ်ခိုင်းနေလို့ ကျောင်းပိတ်ရက်တွေမှာ တစ်လကို သုံးခါလောက် ဒီအလုပ်လုပ် ရတယ်။ အခုတော့ အစ်မကလည်း သမီးနဲ့တွဲပြီး ဒီအလုပ်လုပ်နေတယ်”ဟု ပြောပြသည်။ ပျော်တော်ဆက်မယ် လုပ်နေသူ အနုပညာ လောကမှ တစ်ဦးက “သမီးက နယ်ကတက်လာတာ။ ကိုယ့်ရုပ်ရည်နဲ့ဆို အနုပညာ လောကမှာ အောင်မြင်မယ်ထင်လို့။ ဒါပေမဲ့ အိမ်က ပေးတဲ့ငွေနဲ့ ဒီမှာနေထိုင် စားသောက် စရိတ်က မလွယ်ဘူး။ အထူးသဖြင့် ကိုယ်က အနုပညာ လောကကို ၀င်တာဆိုတော့ အ၀တ်အစားက အရမ်းဝယ်ရတယ်။ သမီးရဲ့ မိတ်ကပ် ဆရာက နင်ဒီအတိုင်းဆို ဘာမှဖြစ်မှာ မဟုတ်ဘူးဆိုပြီး ဒီအလုပ်ကို သူက ဆက်သွယ်ပေးတာ။ သူက ၁၅သိန်းတောင်းပြီး သူတစ်ဝက် သမီးတစ်ဝက် ယူကြတယ်။ တခါတလေတော့ သူဌေးတွေနဲ့ နိုင်ငံခြားအထိ လိုက်ရတယ်။ သူဌေး တစ်ယောက်ဆို မင်းသမီးလေး တစ်ယောက်ကို နိုင်ငံခြားသွားတိုင်း ခေါ်သွားတယ်။ နိုင်ငံခြားမှာ လောင်းကစား လုပ်တိုင်း အဲဒီ့မင်းသမီးပါရင် နိုင်တယ်လို့ သူဌေးက အယူရှိလို့ခေါ်တာ။ ပျော်တော်ဆက်ဖို့က အဓိက မဟုတ်ဘူး”ဟု ပြောပြသည်။ အလှ ဖန်တီးရှင် တစ်ဦးကမူ “သူတို့ အတွက် စားဝတ်နေရေး အဆင်ပြေအောင် ဖောက်သည်ရှာပေးတ ပါ။ ဒါပေမဲ့ ကိုယ်က တစ်ခါပဲ စားရတာ။ သူတို့ချင်း ဖုန်းနဲ့ချိတ်ပြီး နောက်ပိုင်းတွေ့ကြတာမှာ ကိုယ်တွေက ဘာမှရတော့တာ မဟုတ်ဘူး။ သိတောင် မသိရတော့ဘူး။ ကိုယ်က ပိုက်ဆံလိုချင်ရင် နောက်ထပ် ဖောက်သည် အသစ် ထပ်ရှာ ပေးရတာ။ ဖုန်းထဲမှာ သူတို့ပုံတွေနဲ့ နာမည်တွေ ထည့်ထားပြီး စိတ်ချရတဲ့သူဆိုရင် Viberကတစ်ဆင့် ပို့ပေးရတယ်။ ဟိုကကြိုက်တာရွေးပြီး ပြန်ပို့ရင် သူတို့ခေါ်တဲ့ နေရာ လိုက်ပို့ပေးရတာ။ ကိုယ်တွေဆီမှာတော့ အနုပညာလောကထဲ ၀င်ကာစလေးတွေ များပါတယ်။ အမှန်က ဒါလေးတွေက ပစ္စည်းသန့်တာ၊ နာမည်ကြီးချိန်ဆိုရင် ဗတ်လပိုင် လိုက်နေပြီ”ဟု သူ၏ အတွေ့အကြုံနှင့် သူ၏အလုပ်ကို ပြောပြသည်။
ပျော်တော်ဆက် လုပ်ငန်းသည် မည်သည့်နိုင်ငံမှ မကင်းသော လုပ်ငန်းဖြစ်သော်လည်း ရေရှည်တွင် အမျိုးသား ကျန်းမာရေးကို မထိခိုက်စေရန် အတွက် ယခုထက် ပွင့်လင်း မြင်သာသည့် အစီအမံများကို ချမှတ်လုပ်ဆောင်သင့်ပြီ ဖြစ်သည်။ အထူးသဖြင့် ပျော်တော်ဆက်မယ်များကို ကျန်းမာရေး ဗဟုသုတ ပေးရန် အလွန်အရေးကြီးလှသည်။ ပြည်သူ့ကျန်းမာရေး ဆရာဝန် တစ်ဦးက ဘယ်လောက်တောင် ကျန်းမာရေး အသိပညာ နည်းသလဲဆိုရင် အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံရင် အေအိုင်ဒီအက်စ် အပါအ၀င် ရောဂါတွေရမယ်ဆိုတာ မသိကြဘူး။ တွေးကြည့်မယ်ဆိုရင် ကြောက်စရာပေါ့။ ပျော်တော်ဆက် လုပ်ငန်းတွေ တရှိန်ထိုး ကြီးထွားလာချိန်မှာ အစိုးရကလည်း အာဏာရှင် အစိုးရဆိုတော့ ကွန်ဒုံးကြေညာတာ၊ အေအိုင်ဒီအက်စ်နဲ့ ပတ်သက်ပြီး အသိပေးတာတွေကို ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ခွင့် မပြုခဲ့ဘူး။ ဒါကြောင့် မြန်မာနိုင်ငံမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ များလာတာလည်း ဖြစ်တယ်”ဟု သူ၏အမြင်ကို ပြောပြခဲ့သည်။ လူမှုရေး လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးက “ဘယ်သူမှ မွေးကတည်းက ပျော်တော်ဆက်မယ် လုပ်စားမယ်ဆိုတဲ့ ဘ၀ရည်မှန်းချက် ထားခဲ့ကြတာ မဟုတ်ဘူး။ အခြေအနေ အမျိုးမျိုးကြောင့် ဒီအလုပ်ကို သူတို့ လုပ်ရတာ ဖြစ်တယ်။ ဒီအလုပ် လုပ်ပြီးမှလည်း တခြားအလုပ်ကို သူတို့ ပြောင်းမလုပ်ချင်ကြတော့ဘူး။ သွေးသား ဆန္ဒကို ဖြေဖျောက်နိုင်ရင်း တစ်ချိန်တည်းမှာ ဒီအတွက် ငွေက ရနေတာကိုး။ ဒီတော့ သူတို့ကို လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ၊ STD အကြောင်းသိအောင် ပညာပေးဖို့လိုတယ်။ အထူးသဖြင့် ဒီပျော်တော်ဆက်မယ် ဘ၀ မရောက်ခင် ရအောင် တားနိုင်ရင်တား၊ မတားနိုင်ရင်တော့ သေတဲ့အထိ ဒီအထဲက ပြန်မထွက်နိုင်တော့ဘူး”ဟု သူ၏ အမြင်ကို ပြောပြ သွားခဲ့သည်။
ဆက်သွယ်ရေးစနစ် တိုးတက်ပြီး လူတိုင်း လက်ကိုင်ဖုန်း ကိုင်နိုင်သည့်အချိန်၊ စီးပွားရေးအတွက် ယခင်ကထက် ငွေရှာရန် ပိုမိုလိုအပ်လာချိန်၊ ပြည်တွင်းသို့ နိုင်ငံခြားသားများ ပိုမိုဝင်ရောက်လာချိန်၊ နည်းပညာကြောင့် အသစ်အဆန်းများ အချိန်နှင့်အမျှ ပေါ်လာချိန်တွင် အကြောင်း အမျိုးမျိုးကြောင့် ပျော်တော်ဆက်မယ် ဘ၀ ရောက်သူ များစွာရှိနေလေရာ ထိုသူများကို ဖမ်းဆီးရန်ထက် ကျန်းမာရေး အသိပညာပေးရန်က နိုင်ငံအတွက် အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရသည်။
သံဖနောင့်
Tomorrow